အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                 ဖေဖော်ဝါရီ  ၉

      အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြုသင်တန်းကျောင်းဖြစ်သည့် Yun Nadi Oo Vocational Training Center သို့ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

          သင်တန်းကျောင်းတာဝန်ခံက Yun Nadi Oo Vocational Training Center သည် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြု သင်တန်းကျောင်းအဖြစ် ၁၀-၁-၂၀၂၂ ရက်နေ့တွင် ခွင့်ပြုချက်ရရှိခဲ့ပြီး သက်တမ်းတိုးမြှင့်ပေးနိုင် ရန် လျှောက်ထားပြီးဖြစ်ကြောင်း၊ အခြေခံမော်တော်ယာဉ်စက်ပြင်သင်တန်းကို သင်တန်းကာလ (၂) လခွဲဖြင့် စာတွေ့သင်ကြားချိန် (၄၀%) နှင့် လက်တွေ့သင်ကြားချိန် (၆၀%) သင်ကြားလျက် ရှိကြောင်း၊ အဆင့်မြင့်မော်တော်ယာဉ်စက်ပြင် သင်တန်းကို သင်တန်းကာလ (၁) လခွဲဖြင့် စာတွေ့ သင်ကြားချိန် (၅၀%) နှင့် လက်တွေ့ သင်ကြားချိန် (၅၀%) သင်ကြားလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ သင်တန်းသား (၉၄) ဦးကို ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မော်တော်ယာဉ်စက်ပြင်သင်တန်းကို သင်တန်းအကြိမ်ရေ (၉) ကြိမ်ဖြင့် သင်တန်းသား (၂၂၅) ဦး ခန့်မွေးထုတ်ပေးရန် လျာထားကြောင်း ရှင်းလင်းတင်ပြ ပါသည်။

          ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေး ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်း၊

 Yun Nadi Oo Vocational Training Center အနေဖြင့် အခြေခံမော်တော်ယာဉ် စက်ပြင် သင်တန်းပို့ချရာတွင် သင်တန်းဆင်းများကို ယုံကြည်မှုတည်ဆောက်၍ ပြည်တွင်း၌သာမက ပြည်ပထိ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် အလေးထားပြီး အရည်အသွေးပြည့်ဝ၍ ခေတ်နှင့်လျော်ညီသော သင်တန်းများ ဖွင့်လှစ်ပို့ချပေးရန်နှင့် သင်တန်းဆင်းများ လုပ်ငန်းခွင် ရောက်ရှိက သင်တန်းပို့ချပေးမှုအပေါ် လက်တွေ့အသုံးချနေမှုကို ပြန်လည်အကြောင်းကြားစေပြီး ဖြည့်ဆည်းသင်ကြားပေးရန်၊ လိုအပ်ချက်များရှိက အနာဂါတ် သင်တန်းသားများအတွက် သင်ခန်းစာကို NSSA ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့၏ သင်ခန်းစာများအပေါ် ကူညီ ပြင်ဆင်ပေးရန် မှာကြားခဲ့ပါသည်။