ရန်ကုန် နိုဝင်ဘာလ ၁၇
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA) ဥက္ကဋ္ဌ၊ အလုပ် သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာတာဝန်ရှိ သူများနှင့်အတူ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)၌ စစ်ဆေးအကဲဖြတ်သူနည်းစနစ်သင်တန်း (Assessor Methodology Training) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
ဒုတိယဝန်ကြီးက NSSA အနေဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေ သည့် လုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရေးကို ဦးတည်ပြီး ပညာရေးတစ်ပိုင်းတစ်စနှင့် ဝင်ရောက်လုပ်ကိုင်နေသည့် လုပ်သားများ၊ လုပ်သက်အပေါ် မူတည်၍ လုပ်ငန်းကျွမ်းကျင်မှု ရှိသော လုပ်သားများနှင့် လေ့ကျင့်သင်ကြားချိန် နာရီပြည့်မီသော သင်တန်းဆင်းများ၏ ကျွမ်းကျင်မှုကို အသိအမှတ်ပြုနိုင်ရန်နှင့် ကျွမ်းကျင်မှုအဆင့်မြှင့်တင်နိုင်ရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အပံ့ဖြစ်စေနိုင်ရန်တို့အတွက် NSSA အသိအမှတ်ပြု အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ရေး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များကို နှစ်စဉ်လျာထား ဆောင်ရွက်လျက်ရှိရာ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီများမှ စိစစ်ပေးပို့လာသူများဖြင့် Assessor Methodology Training ဖွင့်လှစ်ပို့ချလျက်ရှိပြီး ယခုအခါ လုပ်ငန်းကဏ္ဍအလိုက် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီ (၇)ခုတို့မှ အဆိုပြုပေးပို့လာသော ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ (၃၀) ဦးကို NSSA ၏ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဆိုင်ရာ နည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း၊
NSSA ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်မည့် စစ်ဆေးအကဲဖြတ်သူ (Assessor) များသည် Key Player များအဖြစ် ပါဝင်ဆောင်ရွက်ရသည့် အတွက် Assessor များ၏ အခန်းကဏ္ဍ အလွန်အရေးပါကြောင်း၊ စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လက်တွေ့သုံးပစ္စည်းများကို ကြိုတင်စစ်ဆေးခြင်း၊ ဖြေဆိုသူ လက်စွဲစာအုပ်ပါ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းမျှဝေခြင်း၊ ဖြေဆိုရာတွင် တွေ့ကြုံနိုင် သော အခက်အခဲများမျှဝေခြင်း၊ စာတွေ့/ လက်တွေ့ နမူနာပုံစံများမျှဝေခြင်း၊ ဖြေဆိုမည့်သူများ ဝင်ရောက်ဖြေဆိုရန် အရည်အချင်း ပြည့်မီမှု ရှိ/မရှိ အကဲဖြတ်ခြင်း၊ ကြိုတင်စိစစ်ခြင်းတို့အပြင် ဖြေဆိုသူများကို အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးရသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးရ ကြောင်း၊ သင်တန်းတက်ရောက်လာသူ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများအနေဖြင့် သင်တန်း တွင် ပို့ချပေးသည့် အသိပညာ၊ ဗဟုသုတများကို လက်တွေ့လိုက်နာဆောင်ရွက်နိုင်ရေး သေချာ မှတ်သားသွားစေလိုကြောင်း၊
NSSA အသိအမှတ်ပြု Assessor များအဖြစ် ၂၀၁၄ ခုနှစ်မှ စတင်အသိမှတ်ပြုပေးခဲ့ရာ ယနေ့အထိ Assessor (၉၁၄) ဦး အသိအမှတ်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့တက်ရောက်လာသူ များအနေဖြင့် Assessor အသိအမှတ်ပြုလက်မှတ်ရရှိပါက NSSA ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းနှင့် ခေတ်အလိုက် ပြောင်းလဲတိုးတက်သည့် နည်းပညာများ ကို အမီလိုက်နိုင်စေရေး စဉ်ဆက်မပြတ် လေ့လာသွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

