အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                အောက်တိုဘာ ၁၅

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ခုံသမာဓိကောင်စီ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          အငြင်းပွားမှုများကို အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊  ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီတို့ဖြင့် အဆင့်ဆင့်ဖျန်ဖြေဆုံးဖြတ်ချက် ချမှတ်ရာတွင် လူမှုရေးတရားမျှတမှု၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်နှင့် သာတူညီမျှ ဖြစ်ရေး သဘောတရား များအပေါ်အခြေခံကာ ရပ်တည်ဆောင်ရွက်ရန်လိုကြောင်း၊  အလုပ်ရှင်၊ အလုပ်သမားများအကြား ညီညွတ်မျှတမှုရှိသည့် ဆုံးဖြတ်ချက်များ ချမှတ်ရန်နှင့် အငြင်းပွားမှု ဖြေရှင်းရေးယန္တရား၏ နောက်ဆုံးအဆင့် အဖွဲ့အစည်းဖြစ်သောကြောင့် အလုပ်ရှင်၊ အလုပ်သမား များအကြား ဘက်လိုက်မှုမရှိဘဲ မှန်ကန်စွာရပ်တည်ဆောင်ရွက်ရန်လိုကြောင်း၊

          ခုံသမာဓိကောင်စီသည် ခုံသမာဓိအဖွဲ့နှင့် ခုံအဖွဲ့တို့က ဆောင်ရွက်ရမည့် လုပ်ငန်း နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းအစီအစဉ်များကို သတ်မှတ်နိုင်သောကြောင့် ခုံသမာဓိကောင်စီသို့ တက်ရောက်လာသော အမှုများအား ဆန်းစစ်သုံးသပ်၍ လိုအပ်သည့် အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေး ဝန်ကြီးဌာနက သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပြီး အလုပ်ရှင်နှင့် အလုပ်သမား လက်ခံနိုင်သည့် မျှတမှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်ပေးခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများအကြား အငြင်းပွားမှုများ လျော့နည်းကာ လုပ်ငန်းခွင်အေးချမ်းသာယာလာမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ရန်ကင်းမြို့နယ်ရှိ KYOSHIN Language Academy သို့ သွားရောက်၍ သက်ကြီးရွယ်အို စောင့်ရှောက်ရေး သင်တန်းနှင့် ဂျပန်ဘာသာစကားသင်တန်းတွင် သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသား ၁၀၀ ဦးခန့်အား တွေ့ဆုံ၍ ပြည်ပနိုင်ငံများသို့ သွားရောက်မည့် သင်တန်းသား လုပ်သားများအား ဘာသာစကားနှင့် လုပ်ငန်းကျွမ်းကျင်မှုများအပြင် သက်ဆိုင်ရာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်ဓလေ့ ထုံတမ်းများအား သိရှိလိုက်နာစေရေး၊ စည်းကမ်းကောင်းမွန်စေရေး၊ အချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် လုပ်ငန်းအပေါ် စိတ်စေတနာကောင်းထား၍ တစ်ဦးချင်း၏ လုပ်ငန်းစွမ်း ဆောင်ရည် တိုးတက်မြင့်မားရေးတို့အတွက် သင်တန်းများတွင် အလေးထားသင်ကြားဆောင် ရွက်ရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားကာ သင်တန်းဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိသည်။