ရန်ကုန် အောက်တိုဘာ ၂
ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံအတွင်းလိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးနှင့် မြန်မာလုပ်သားထု၏ စွမ်းဆောင်ရည်တိုးတက် မြင့်မားစေရေးအတွက် ၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ နှင့်အညီ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ ပုဂ္ဂလိကသင်တန်းကျောင်းများအား အသိအမှတ် ပြုပေး၍ အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရန် ကြီးကြပ်လမ်းညွှန်ခြင်းနှင့် အမျိုးသားအဆင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းများကို နှစ်စဉ်စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) တွင် အလုပ်အကိုင်ရှာဖွနေသူ လူငယ်လူရွယ်များ၊ ပြည်တွင်းရှိ ဝန်ထမ်းလုပ်သားများ နှင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေသူများအတွက် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်များရရှိစေနိုင်ရေး စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် ကျွမ်းကျင်မှုသင်တန်း (၂၃) ကြိမ်ကို သင်တန်းသား (၅၆၃) ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျွမ်းကျင်မှုသင်တန်း (၂၈) ကြိမ်ကို သင်တန်းသား (၆၅၀)ဦး အတွက် ဖွင့်လှစ်ပို့ချရန်လျာထားပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ သင်တန်း (၁၁) ကြိမ်ကို သင်တန်းသား (၂၆၁) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချသည့် စာတွေ့/ လက်တွေ့အသိပညာ၊အတတ်ပညာများကို စနစ်တကျမှတ်သားနာယူ၍ သက်ဆိုင်ရာလုပ်ငန်းခွင် များတွင်ပြန်လည်အသုံးချလုပ်ကိုင်သွားကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အတွင်း စဉ်ဆက်မပြတ် လေ့လာသင်ယူ၍ မိမိဘဝတိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ အလုပ်အပေါ် စိတ်ကောင်းထားရှိကာ လုပ်ငန်းအရည် အသွေးကောင်းမွန်စေရေး အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် လုပ်သားများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် လုပ်ငန်းခွင် စည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာ၍ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်သူများဖြစ်စေရေး၊ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေး ကြိုးပမ်းလုပ်ကိုင်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

