ရန်ကုန် စက်တင်ဘာ ၁၉
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း) ၌ ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC) နှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီဝင်များ၊ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများအပါအဝင် စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ကြ သည်။
ဒုတိယဝန်ကြီးက NSSA အနေဖြင့် အလုပ်အကိုင် (၇၁)မျိုးအတွက် ကျွမ်းကျင်မှုစံ (၁၀၄)ခု ကို အတည်ပြုပြဋ္ဌာန်း၍ ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအထိ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၃၀၀) ခု၊ စစ်ဆေးအကဲဖြတ်သူ (၉၀၄)ဦး၊ စစ်ဆေးရေး မှူး (၁၂၉) ဦးကို အသိအမှတ်ပြုခဲ့ပြီး အလုပ်အကိုင် (၅၂) မျိုးတွင် ဖြေဆိုသူ (၃၂,၀၈၈) ဦးအနက် အောင်မြင်သူ (၃၀,၄၀၈) ဦးကို ကျွမ်းကျင်လုပ်သားများအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း၊
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)တို့မှ အလုပ်အကိုင် (၁၃)မျိုး အတွက် ကျွမ်းကျင်လုပ်သား (၆၅၄) ဦး၊ အလုပ်အကိုင် (၆) မျိုးအတွက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာန (၁၁) ခု၊ စစ်ဆေးရေးမှူး (၉) ဦးနှင့် စစ်ဆေးအကဲဖြတ်သူ (၆) ဦးတို့ကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ အသီးသီးပေး အပ်ခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရှိ သုခစုစံသင်တန်းကျောင်းသို့ သွားရောက်၍ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်သင်ကြား ပို့ချနေမှုကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရှိ Fook Hing (Shwe Kha Yu) အထည်ချုပ်စက်ရုံ၊ Myanmar LNY Caps Co., Ltd ဦးထုပ်စက်ရုံနှင့် Myanmar Ju Chuan Co., Ltd ဖိနပ်စက်ရုံများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင်အခြေအနေ များကို ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ် စွမ်းအားတိုးတက်စေရေးအတွက် အလုပ်သမားရေးရာညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်ဖြစ် ကြောင်း မှာကြားခဲ့သည်ဟု သတင်းရရှိသည်။

