ရန်ကုန် ဩဂုတ် ၂၉
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်း မြို့နယ်ရှိ Knowledge Management and Dedication (KMD) Training Center တွင် IT ပိုင်း ဆိုင်ရာ နည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
သင်တန်းကျောင်းတာဝန်ခံက (KMD) Training Center ကို ၁၉၈၆ ခုနှစ်မှ စတင်တည် ထောင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု သင်တန်းကျောင်းအဖြစ် သင်တန်းကျောင်း (၄) ကျောင်းကို အသိအမှတ်ပြုလက်မှတ်ရရှိထား ပါကြောင်း၊ KMD Training Center (စမ်းချောင်း) အနေဖြင့် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ အထိ သင်တန်းသား (၁၅၁၂)ဦးကို မွေးထုတ်ပေးခဲ့ပြီး သင်တန်းဆင်းများ အလုပ်အကိုင်အခွင့် အလမ်း ပိုမိုရရှိစေရန် လုပ်ငန်းခွင်တွင် အသုံးချနိုင်မည့်သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ဒုတိယဝန်ကြီးက KMD Training Center တွင် သင်ကြားပို့ချပေးနေသော သင်တန်းများ သည် ခေတ်နှင့်အညီ IT နည်းပညာပိုင်းဆိုင်ရာသင်တန်းများဖြစ်ပြီး လူ့စွမ်းအားဖွံ့ဖြိုးတိုးတက် ရေးအတွက် အထောက်အကူပြုသော သင်တန်းများဖြစ်ကြောင်း၊ လူငယ်၊လူရွယ်များအတွက် ခေတ်နှင့်လျော်ညီသည့် နည်းပညာများအား လေ့လာသင်ယူ၍ အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားရေးဆန်းသစ်တီထွင်မှုများ ရရှိစေမည့် သင်တန်းများဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပ အလုပ် အကိုင်ရရှိစေရေး အထောက်အကူပြုသည့်သင်တန်းများဖြစ်သဖြင့် သင်တန်းသားများအတွက် အကျိုးရှိစေနိုင်ကြောင်း၊ သင်တန်းကျောင်းအနေဖြင့် လူငယ်၊ လူရွယ်များအား ခေတ်မီတိုးတက် သော IT ပညာရပ်များဖြင့် ပြည်တွင်း/ ပြည်ပ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် သင်တန်းသားများအနေဖြင့် Lifelong Learning နှင့်အညီ မိမိတို့သင်ယူထားသော အတတ်ပညာများအား စဉ်ဆက်မပြတ် တိုးတက်အောင် ဆက်လက်ဆည်းပူးလေ့လာကြရန် မှာကြားခဲ့သည်။
နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရွှေပြည်သာမြို့နယ်ရှိ Rainbow Tex (Myanmar) Industrial Co.,Ltd (အထည်ချုပ်)စက်ရုံ ၊ G & B Manufacturing (Myanmar) Co.,Ltd (အထည်ချုပ်)စက်ရုံနှင့် Ksheng (Myanmar) Apparel Co.,Ltd (အထည်ချုပ်) စက်ရုံများအား ကြည့်ရှုစစ်ဆေးပြီး စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံနှင့် မန်နေဂျာ၊ အလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီဝင်များ၊ ကျန်းမာရေးတာဝန်ခံ များနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုလျော့နည်းကျဆင်းစေရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များရရှိစေရေး၊ အလုပ်သမားများလုပ်ငန်းခွင်စည်းကမ်း လိုက်နာစေရေးတို့အတွက် ဦးစီးဌာန၊ အဖွဲ့များမှ စည်းကြပ်ဆောင်ရွက်ပေးနေကြောင်း၊ စက်ရုံ၊ အလုပ်ရုံများအနဖြင့် တည်ဆဲအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမား များက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဟန်ချက်ညီပူးပေါင်း ဆောင်ရွက်ပေးရန် မှာကြား၍ စက်ရုံအတွင်း အေးချမ်းစွာလုပ်ကိုင်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။

