ရန်ကုန် ဇူလိုင် ၂၄
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံအရာထမ်းများနှင့်အတူ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ ကိုရီးယား ဘာသာ အရည်အချင်းစစ် (EPS) စာမေးပွဲအောင်မြင်သူများအား အလုပ်လျှောက်လွှာ ထုတ်ပေး နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးက (ကုန်ထုတ်လုပ်ငန်းဒုတိယအသုတ်) စာမေးပွဲအောင်မြင်ပြီး အလုပ် လျှောက်လွှာ လာရောက်တင်သွင်းသူများအား အလုပ်လျှောက်လွှာတင်ပြီး တစ်နှစ်အတွင်း အလုပ်ခေါ်စာမရရှိပါက နောက်နှစ်တွင်အလုပ်လျှောက် လွှာသက်တမ်းတိုး ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ အလုပ်လျှောက်လွှာပါ အချက်အလက်များအား မှန်မှန်ကန်ကန် ဖြည့်သွင်းရမည် ဖြစ်ကြောင်း၊ အလုပ်လျှောက်လွှာ တင်သွင်းသူများသည် အလုပ်ရှင်ရွေးချယ်မှသာ အလုပ်ခေါ်စာ ရရှိမည်ဖြစ်ပြီး ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ချိန်တွင် ကြိုးကြိုးစားစား လုပ်ကိုင်ကြရန်၊ သွားရောက်မည့်နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများအား ကြိုတင်လေ့လာထားကြရန်၊ ရာသီဥတုအပြောင်းအလဲရှိ၍ ကျန်းမာရေးဂရုစိုက် ကြရန်နှင့် မိသားစုလွှဲပို့ငွေများ တရားဝင်လွှဲပို့ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်လုပ်ကိုင်ခွင့်စနစ် (Employment Permit System – EPS) ဖြင့် လုပ်သားများစေလွှတ်နိုင်ရေးအတွက် ၁၆ ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ် (EPS-TOPIK) စာမေးပွဲ (ကုန်ထုတ်လုပ်ငန်းဒုတိယအသုတ်) အောင်မြင်သူ ၄,၂၄၉ ဦးအား အလုပ်လျှောက်လွှာ ထုတ်ပေး/လက်ခံခြင်းကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရုံး၌ ၂၁-၇-၂၀၂၅ ရက်နေ့မှ ၁-၈-၂၀၂၅ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

