အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                               ဇွန် ၃၀

          အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အလုပ်သမားရေးရာဌာနများမှ တာဝန်ခံ အရာထမ်းများနှင့် ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဝင်များကို တွေ့ဆုံမှာကြား၍ အထည်ချုပ်စက်ရုံများကို ကြည့်ရှုအားပေးခဲ့ သည်။

          ဒုတိယဝန်ကြီးက လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဘာသာရပ် များကို သင်ကြားပို့ချပေးခြင်းသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်အတွက် လိုအပ်သော လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာပညာရှင်များ မွေးထုတ်ပေးရန် နှင့် အလုပ်ရှင်၊ အလုပ်သမားများအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးဆိုင်ရာ အသိပညာပေးခြင်းများ ပံ့ပိုးနိုင်ရန်ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊

          ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအတွင်း လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းများ စီမံချက်ဖြင့် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး သင်တန်းသားများကို သင်တန်းဆင်းပြီးနောက် (၁)လပြည့်ပြီးနောက် ဆန်းစစ်အကဲဖြတ်ခြင်းများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီ ဖွဲ့စည်းပြီး စက်ရုံ ၈၅၅ ရုံမှ ကော်မတီဝင် ၈၆၀ ဦးကို သင်ကြားပို့ချရန် လျာထားကြောင်း၊

          သင်တန်းတက်ရောက်သည့် ကော်မတီဝင်များအနေဖြင့် ဘာသာရပ်ဆိုင်ရာအသိအမြင် များ တိုးတက်လာပြီး လုပ်ငန်းခွင်အတွင်း ထိရောက်ကောင်းမွန်သည့် အန္တရာယ် ထိန်းချုပ်ရေး နည်းလမ်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း၊ OSH ကော်မတီဝင်များ မှတစ်ဆင့် လုပ်ငန်းခွင်ရှိ အလုပ်သမားများထံ အသိအမြင်များ ဖြန့်ဝေနိုင်ခြင်း၊ ဦးစီးဌာန ဝန်ထမ်းများနှင့် OSH ကော်မတီဝင်များကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာမည်ဖြစ်ကြောင်း မှာကြား ခဲ့၍ တာဝန်ရှိသူများ၏ တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

          နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ အထည်ချုပ်စက်ရုံများဖြစ်သည့် Mei Jie (Myanmar) Clothing & Accessories Co., Ltd နှင့် Bofei Garment Co., Ltd သို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          ဒုတိယဝန်ကြီးက အလုပ်ခန့်ထားမှု ဆိုင်ရာသဘောတူ စာချုပ်(EC) စာချုပ်ချုပ်ဆိုရေး၊  အလုပ်သမားများ၏ လုပ်ခလစာကို သတ်မှတ်ရက်အတွင်း ထုတ်ပေးရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ၊ စက်ရုံအလုပ်သမားအဖွဲ့အစည်းနှင့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) တို့ ပူးပေါင်းဆောင်ရွက်ရေး၊ လုပ်ငန်း ခွင်များတွင် ကြုံတွေ့နေရသည့် အခက်အခဲများရှိပါက အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် လေးစားယုံကြည်မှုဖြင့် ညှိနှိုင်းဖြေရှင်းရေး၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာ၍ ကုန်ထုတ်စွမ်းအားတိုးတက်စေရေး အလေး ထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် စက်ရုံတာဝန်ခံနှင့် မန်နေဂျာ၊ အလုပ်သမားအဖွဲ့အစည်းဝင်များ၊ အလုပ်သမား ရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအဖွဲ့ဝင်များက လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေး အတွက် အလုပ်ရှင်နှင့် အလုပ်သမားတို့ ပူးပေါင်းဆောင်ရွက်မှု၊ လိုအပ်ပါက မြို့နယ်အလုပ်သမား ရေးရာ တာဝန်ခံများနှင့် ဆက်သွယ်ဆောင်ရွက်မှုတို့ကို တင်ပြဆွေးနွေးခဲ့ရာ  ဒုတိယဝန်ကြီးက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုကို အလေးထားဆောင် ရွက်ရန်၊ လုပ်ငန်းခွင်တည်ငြိမ် အေးချမ်းပြီး ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် စဉ်ဆက် မပြတ်ပူးပေါင်းဆောင်ရွက်ရန်နှင့် အလုပ်ရှင်နှင့် အလုပ်သမားများ အနေဖြင့် ရှောင်ရန်၊ ဆောင်ရန် အချက်များကို သိရှိလိုက်နာ ဆောင်ရွက်ရန် မှာကြားပြီး စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုအား ပေးခဲ့ကြောင်း သိရသည်။