အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                                 ဇွန်  ၅

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံအရာထမ်းများနှင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်ရှိ Hanfex Co., Ltd အထည်ချုပ်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုပြီး လုပ်သားများ အား တွေ့ဆုံအားပေးခဲ့သည်။   

ဒုတိယဝန်ကြီးအား စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မ တီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက CMP လုပ်ငန်းများ အပါအဝင် စက်ရုံ၊ အလုပ်ရုံများ ဖွံ့ဖြိုးတိုးတက်စေရေး ကြီးကြပ်ရေးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း၍ အလေးထားကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  စက်ရုံ အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများသည်  အလုပ်သမားရေးရာ ဥပဒေများ နှင့်အညီ လိုက်နာဆောင်ရွက်၍ လုပ်သားများ သက်သာချောင်ချိမှုနှင့်လူမှုကာကွယ် စောင့်ရှောက် ရေးအတွက် အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် စေတနာထားပြီး ယုံကြည်မှုရှိရှိ ဆောင်ရွက် ရန်လိုကြောင်း၊

          စက်ရုံအလုပ်သမားအဖွဲ့အစည်း၊  အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီတို့သည် အလုပ်ရှင်နှင့် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် အပြန်အလှန် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းမှသာ  မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ထိခိုက်ခံစားမှုများ လျော့နည်းကျဆင်းပြီး  ကျန်းမာ သန်စွမ်းသည့် လုပ်သားများနှင့် သန့်ရှင်းသပ်ရပ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်  လုပ်ငန်းခွင် သည် ကုန်ထုတ်စွမ်းအား တိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်ကြောင်း၊ လုပ်ငန်းခွင် ဆက်ဆံရေး ကောင်းမွန်မှုသည် စက်ရုံ၏ ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်သဖြင့် အလုပ်ရှင်၊ အလုပ်သမားများက အလေးထား ဆောင်ရွက်ရန်လိုကြောင်း အလုပ်သမားရေးရာကိစ္စနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့များသို့ အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း၊ အလုပ်ရှင် နှင့်အလုပ်သမားများ ဆောင်ရန်၊ ရှောင်ရန် အချက်များကို သိရှိထားရန်လိုပြီး အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်သားများကို ကြီးကြပ်သူများမှ အထက်အောက် မျှတစွာ စီမံအုပ်ချုပ်ရန်နှင့် အလုပ်ရှင်၊ အလုပ်သမား နွေးထွေးသည့် ဆက်ဆံမှု သည် စက်ရုံ၊ အလုပ်ရုံ၏ ပုံရိပ်ကို များစွာသက်ရောက်မှုရှိစေနိုင်ကြောင်း မှာကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာမြို့နယ်ရှိ VDM Skills Training Center သို့ သွားရောက် ကြည်ရှုစစ်ဆေးခဲ့ရာ သင်တန်းကျောင်းတာဝန်ခံက သင်တန်း ကျောင်းကို ၂၀၂၄ ခုနှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဂဟေဆက်အလုပ်အကိုင်နှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ  သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြုသင်တန်းကျောင်း အဖြစ် ၅-၅-၂၀၂၅ ရက်နေ့တွင် အသိအမှတ်ပြုလက်မှတ် ရရှိထားပါကြောင်း၊ (NSSA) အသိအမှတ်ပြု ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တည်ထောင်နိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ဒုတိယဝန်ကြီးက အရည်အသွေးပြည့်မီသော သင်တန်းများ ဖြစ်စေရေး၊  ကျွမ်းကျင် လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်ရေးနှင့် သင်တန်းဆင်းများအား အမျိုးသားအဆင့် ကျွမ်းကျင် မှုအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေး ဦးစီးဌာနနှင့်ချိတ်ဆက်ဆောင်ရွက်ရန် လမ်းညွှန် မှာကြား၍ သင်တန်းဖွင့်လှစ်ပို့ချနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။