ရန်ကုန် ဇန်နဝါရီ ၉
သင်တန်းကျောင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း (ရန်ကင်း) ကို ၁၉၇၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဝန်ကြီးဌာန အသီးသီးရှိ သင်တန်းဌာနများမှ နည်းပြဆရာများအတွက် ဂဟေဆက်၊ လျှပ်စစ်၊ မော်တော်ယာဉ် စက်ပြင်နှင့် တွင်ခုံ/ ဖောက်ခုံ အတတ်ပညာရပ်များကို ဆရာဖြစ်သင်တန်းများ ဖွင့်လှစ်ပို့ချပေး ခဲ့ကြောင်း၊ စက်ရုံ/ အလုပ်ရုံများရှိ ကြီးကြပ်ရေးမှူးအဆင့် ဝန်ထမ်းလုပ်သားများ လုပ်ငန်း စွမ်းဆောင်ရည်တိုးတက်မြင့်မားစေရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်စေရေးနှင့်လုပ်ငန်းခွင် အေးချမ်း သာယာရေးတို့ ဖော်ဆောင်နိုင်ရန် ကြီးကြပ်ရေးမှူးသင်တန်းနှင့် ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ရေး သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်၏ စီးပွားရေး ကဏ္ဍ တိုးတက်ပြောင်းလဲမှုနှင့်အညီ အလုပ်အကိုင်ရှာဖွေသူ လူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများကို ကာလတိုသင်တန်းများအဖြစ် ပြောင်းလဲဖွင့်လှစ်ပေးခဲ့ကြောင်း၊ လက်ရှိကာလတွင် ဝန်ကြီးဌာန၏ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ရည်မှန်းချက်နှင့်အညီ တိုင်းဒေသကြီးအတွင်းရှိ ဈေးကွက်လိုအပ်ချက်များ သော အလုပ်အကိုင်များအတွက် လိုအပ်သောသင်တန်းများကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိရာ ဂဟေဆက်သင်တန်း၊ ဂဟေဆက် (မွမ်းမံ) သင်တန်း၊ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း၊ လေအေး ပေးစက်တပ်ဆင်/ ပြုပြင်ခြင်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ ဆိုလာတပ်ဆင်ခြင်းသင်တန်း၊ စားသောက်ဆိုင် ဝန်ဆောင်မှုသင်တန်းနှင့် ဆောက်လုပ်ရေးအလုပ်အကိုင်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးနေ ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် သင်တန်း (၁၃) ကြိမ် ဖွင့်လှစ်၍ သင်တန်းဆင်း (၃၃၉)ဦး ရှိကြောင်း၊ ဘဏ္ဍာနှစ်အတွင်း ကျန်ကာလ၌ သင်တန်းများ လျာထားချက် အတိုင်း ဖွင့်လှစ်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုပ်ငန်းရှင်အဖွဲ့အစည်းများ၊ အလုပ်ကိုင်ဆိုင် ရာကျွမ်းကျင်သူများနှင့် စီမံဆောင်ရွက်ထားကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျွမ်းကျင်မှုသင်တန်း (၃၀) ကြိမ် ဖွင့်လှစ်၍ သင်တန်းသား (၇၅၀) ဦး မွေးထုတ်ပေးရန် လျာထားကြောင်း ရှင်းလင်းတင်ပြသည်။
ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လာမည့် (၃) နှစ်တာကာလအတွင်း ကျွမ်းကျင် လုပ်သား (၁၀၀,၀၀၀) ဦး မွေးထုတ်ပေးရန် အစိုးရနှင့် ပုဂ္ဂလိက သင်တန်းကျောင်းများ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်းဆင်းများနှင့် လုပ်ငန်းခွင်ရှိ ကျွမ်းကျင်လုပ်သားများ အနေဖြင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၏ ကျွမ်းကျင်မှု အသိ အမှတ်ပြုလက်မှတ်များ ရယူနိုင်ရေး ဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်းကျောင်းအနေဖြင့် သင်ထောက်ကူပစ္စည်းများ အရည်အသွေး ကောင်းမွန်ပြည့်စုံစွာနှင့် အရည်အချင်းမီသင်တန်းနည်းပြများဖြင့် စိတ်အားထက်သန်စွာ လျာထား ချက်နှင့်အညီ ဖွင့်လှစ်ပို့ချရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျွမ်းကျင်မှုသင်တန်းလေ့ကျင့်ရေးသင်တန်းကျောင်း များမှ သင်တန်းသားများနှင့်တွေ့ဆုံ၍ သင်တန်းသားများအနေဖြင့် သင်ကြားပို့ချပေးသည့် စာပေ ပညာနှင့် လက်တွေ့သင်ခန်းစာများကို နာယူစိတ်ဖြင့် လေ့လာသင်ယူကြရန်နှင့် လက်တွေ့ လုပ်ငန်းခွင်များတွင် ထိရောက်စွာ ပြန်လည်အသုံးချ လုပ်ကိုင်ကြရန်၊ မိမိတို့ အလုပ်အပေါ် သစ္စာ စောင့်သိ၍ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေး ကောင်းမွန်ပြီး စည်းကမ်းလိုက်နာမှု၊ စည်းလုံး ညီညွတ်မှုတို့ဖြင့် ကုန်ထုတ်စွမ်းအားနှင့်ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်ရေး ကြိုးပမ်းဆောင် ရွက်ရန်၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။