ရန်ကုန် နိုဝင်ဘာလ ၁၄
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် သည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံအရာထမ်းများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ Alpha Best Global Limited ဖိနပ်ချုပ်စက်ရုံ၊ အထည်ချုပ်စက်ရုံများဖြစ်သည့် Rong Da Garments Co.,Ltd နှင့် ရွှေဇာမဏီ စက်ရုံများ သို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေ ဂျာများ၊ကြီးကြပ်ရေးမှူး များနှင့် စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း ပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ သည်။
ဒုတိယဝန်ကြီးက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေ ရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စက်ရုံအလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးကော်မတီများသည် အလုပ်သမား ရေးရာဥပဒေများနှင့်အညီ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်၍ လုပ်သားများ သက်သာ ချောင်ချိမှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် စေတနာထားပြီး ယုံကြည်မှုရှိရှိ ဆောင်ရွက်ရန်လိုကြောင်း၊
CMP လုပ်ငန်းသာမက အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သည့် SME လုပ်ငန်းများကို ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ခွင့်ပြုပေးလျက်ရှိရာ သက်ဆိုင်ရာဦးစီးဌာနများ၏ စနစ်တကျ စည်းကြပ် ဆောင်ရွက်ပေးမှုကို အလေးထားလိုက်နာပြီး အလုပ်ရှင်၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် လုပ်သားအားလုံး လုပ်ငန်း ခွင်တည်ငြိမ် အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ် ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းမှသာ မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ထိခိုက်ခံစားမှုများ လျော့နည်းကျဆင်းပြီး ကျန်းမာသန်စွမ်းသည့် လုပ်သားများနှင့် သန့်ရှင်း သပ်ရပ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် လုပ်ငန်းခွင်သည် ကုန်ထုတ်စွမ်းအားတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်ကြောင်း၊ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်မှုသည် စက်ရုံ၏ ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်သဖြင့် အလုပ်ရှင်၊ အလုပ်သမားများက အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ အလုပ်သမားရေးရာကိစ္စနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့ များသို့ အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း၊ အလုပ်ရှင်နှင့်အလုပ်သမားများ ဆောင်ရန်၊ ရှောင်ရန် အချက်များကို သိရှိထားရန်လိုပြီး အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လုပ်သားများကို ကြီးကြပ်သူများမှ အထက်အောက် မျှတစွာ စီမံအုပ်ချုပ်ရန် နှင့် အလုပ်ရှင်၊ အလုပ်သမား နွေးထွေးသည့် ဆက်ဆံမှုသည် စက်ရုံ၊ အလုပ်ရုံ၏ပုံရိပ်ကို များစွာ သက်ရောက်မှု ရှိစေနိုင်ကြောင်း မှာကြားခဲ့သည်။
နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်ရှိ အထည်ချုပ်စက်ရုံများ ဖြစ်သည့် ဝမ်ပင်းစက်ရုံ၊ Wan He Garnment နှင့် ကီဒိုရန်ကုန် စက်ရုံများသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံ တာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေး မှူးများနှင့် စက်ရုံ အလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင်အခြေအနေ များကို ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ လုပ်သားများ ၏ သက်သာချောင်ချိရေးနှင့် လူမှုကာကွယ်စောင့်ရှောက် ရေးအတွက် အလုပ်ရှင်၊ အလုပ်သမား အပြည်အလှန် နားလည် ယုံကြည်မှု၊ စေတနာပါမှုတို့ဖြင့် ဆောင်ရွက်ပေးရန်၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်ရန်၊ လုပ်ငန်းခွင် ဆက်ဆံရေးကောင်းမွန်မှုသည် စက်ရုံ၏ ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေး နိုင်သဖြင့် အလုပ်ရှင်၊ အလုပ်သမားများက အလေးထားဆောင်ရွက်ရန်ရွက်ရန် လိုကြောင်း မှာကြားခဲ့သည်ဟု သတင်းရရှိသည်။