ရန်ကုန် အောက်တိုဘာ ၈
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် မရမ်းကုန်း မြို့နယ်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီးရုံး၌ ရန်ကုန်တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား တွေ့ဆုံမှာကြား၍ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဒုတိယဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေ၍ ပါတီနိုင်ငံရေး ကင်းရှင်းကာ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို သိရှိ နားလည်ပြီး ပေးအပ်ထားသော တာဝန်နှင့် ဝတ္တရားများကို စိတ်အားထက်သန်စွာ ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊
အလုပ်သမားဝန်ကြီးဌာန အနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး၊ လုပ်ငန်းခွင်တည်ငြိမ် အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ လုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဖူလုံရေး ဆိုင်ရာ အကျိုးခံစားခွင့် များ ရရှိစေရေး သက်ဆိုင်ရာ အလုပ်သမားရေးရာ ဥပဒေ၊ နည်းဥပဒေများနှင့် စည်းကြပ်ဆောင် ရွက်ပေးနေကြောင်း၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စက်တင်ဘာလ ၂၆ ရက်နေ့တွင် နိုင်ငံရေး ပြဿနာ အား နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်မှုများအပေါ် နိုင်ငံရေးပါတီ ၂၆ ပါတီမှ အပြည့်အဝ ထောက်ခံခဲ့ပြီး လူမှုအဖွဲ့ အစည်းများကလည်း ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ခဲ့ကြောင်း၊ နိုင်ငံတော်အကြီးအကဲက ဌာနဆိုင်ရာ အကြီး အကဲများ၊ ဝန်ထမ်းများ အနေဖြင့် ပေးအပ်ထားသည့် ရည်မှန်းချက်တာဝန်ကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ အမိန့်နှင့်ညွှန်ကြားချက်များအပေါ် တိကျစွာဖြင့် အကောင်အထည် ဖော် ဆောင်ရွက် ရန်နှင့် လိုက်နာမှုမရှိသူများကို ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း နှင့်အညီ အရေးယူဆောင်ရွက်ရန်၊ နိုင်ငံ့ဝန်ထမ်း များအနေဖြင့် မိမိတို့၏ အဆင့်နှင့်လျော်ညီသည့် လုပ်ငန်းတာဝန်များကို အမြဲလေ့လာသင်ယူပြီး တာဝန်ယူထားရသည့် လုပ်ငန်းတာဝန်အလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်စေရေး ကြပ်မတ်ဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ကြောင်း၊ ဝန်ထမ်းများမှ အဆင့်အလိုက် ဆင့်ကဲ တာဝန်ယူမှု၊ တာဝန်ခံမှုရှိမှ လုပ်ငန်း တာဝန်များ အချိန်မီ ပြီးစီးနိုင်မည်ဖြစ်၍ မိမိဝန်ကြီးဌာန၏ “ပေါင်းစည်းဟန်ချက်စွမ်းအားတက်” ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာကျင့်သုံးရန် မှာကြားခဲ့သည်။
နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ စက်မှု ဇုန်ရှိ အထည်ချုပ် စက်ရုံ များဖြစ်သော Wei Hua၊ Shinning Access၊ Startex နှင့် Tough Way စက်ရုံများသို့ ကွင်းဆင်းကြည့်ရှုရာတွင် ဒုတိယ ဝန်ကြီးအား စက်ရုံ အစည်းအဝေးခန်းမတွင် စက်ရုံ တာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံ အလုပ်သမား အဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်း ရှင်းရေး နှင့်ကျန်းမာရေး တာဝန်ခံများက လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများကို ရင်းရင်း နှီးနှီး တွေ့ဆုံအားပေးခဲ့သည်။
ဒုတိယဝန်ကြီးက စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ် စွမ်းအားတိုးတက်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှု လျော့နည်းပပျောက်စေရေး တည်ဆဲ အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်း များနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ စက်ရုံရှိ စက်ရုံအလုပ်သမား အဖွဲ့အစည်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC)၊ လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီတို့သည် အလုပ်ရှင်နှင့် လုပ်ငန်းခွင်တည်ငြိမ် အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် အပြန်အလှန် ယုံကြည်မှုဖြင့် ပူးပေါင်း ဆောင်ရွက်၍ အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့များ သို့ အချိန်မရွေး ဆက်သွယ်နိုင် ကြောင်း၊ အလုပ်ရှင်နှင့်အလုပ်သမားများ ဆောင်ရန်၊ ရှောင်ရန် အချက်များကို သိရှိထားရန် လိုပြီး အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်သားများကို ကြီးကြပ်သူများ မှအထက်အောက်မျှတစွာ စီမံအုပ်ချုပ်ရန်နှင့် အလုပ်ရှင်မှ တာဝန်ပေးအပ်ထား သည့် စက်ရုံ၊ အလုပ်ရုံတာဝန်ခံများက လုပ်သားများနှင့်နွေးထွေးစွာ ဆက်ဆံပြောဆိုရန်လို ကြောင်း မှာကြားခဲ့သည်ဟု သတင်းရရှိသည်။