ရန်ကုန် စက်တင်ဘာလ ၁၉ ရက်
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နေ့လယ်ပိုင်းတွင် အလုပ်သမား ညွှန်ကြားရေးဦးစီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်း၊ အမှတ် (၃၃၁) ရှိ Knowledge Management and Dedication (KMD) Training Center တွင် IT ပိုင်းဆိုင်ရာ နည်းပညာသင်တန်းများ ဖွင့်လှစ် သင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ပါသည်။
သင်တန်းကျောင်းတာဝန်ခံက Knowledge Management and Dedication (KMD) Company Limited ကို ၁၉၈၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း စမ်းချောင်းမြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့ရှိ KMD Training Center (၃) ခုသည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ အသိအမှတ်ပြုသင်တန်းကျောင်းအဖြစ် အသိအမှတ်ပြုလက်မှတ် ရရှိထားပြီးဖြစ်၍ စမ်းချောင်းမြို့နယ်ရှိ KMD Training Center အား ၂၅-၁၀-၂၀၂၅ ရက်နေ့ထိ သက်တမ်းတိုးထားကြောင်း၊ သင်တန်းကျောင်းတွင် Office Course (Basic Computer)၊ Graphic Design Course၊ Excel in Business Application၊ Practical A+၊ Software Engineering နှင့် Java Programming သင်တန်းများ ပို့ချပေးလျက်ရှိကြောင်း၊ KMD သင်တန်းကျောင်းအနေဖြင့် အဝေးသင် တက္ကသိုလ်နှင့်ပူးပေါင်း၍ Network Diploma၊ Web Design Diploma နှင့် Business Diploma များပါ သင်ကြားပေးနေကြောင်း၊ University of Greenwich၊ NCC Education စသည့် အင်္ဂလန်နိုင်ငံမှ တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ အသိအမှတ်ပြုလက်မှတ်များ၊ ဒီပလိုမာဘွဲ့များ ထုတ်ပေးနေသည့် သင်တန်းကျောင်းဖြစ်၍ ၂၀၂၄ ခုနှစ်အတွင်း သင်တန်းသားဦးရေ ၁,၀၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့ကြောင်း ရှင်းလင်းတင်ပြပါ သည်။
ဒုတိယဝန်ကြီးက KMD Training Center တွင် သင်ကြားလျက်ရှိသည့် သင်တန်းများသည် လူငယ်များအား ပြည်တွင်း/ ပြည်ပ အလုပ်အကိုင်ရရှိစေရေးအထောက်အကူပြုသည့်သင်တန်း များဖြစ်ပြီး အချိန်တို၊ ကာလတိုအတွင်း တက်ရောက်နိုင်သည့် သက်မွေးပညာသင်တန်းများဖြစ်၍ သင်တန်းသားများအတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်၍လူငယ်လူရွယ်များအား ခေတ်နှင့် အမှီ IT ပညာရပ်များဖြင့် ပြည်တွင်း/ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး အလေးထား ဆောင်ရွက်ရန်နှင့် သင်တန်းသားများကို ပညာရေးဆုံးခန်းတိုင် ပြီးဆုံးစေရန် ပေါင်းကူး ချိတ်ဆက်ပေးနိုင်မည့် နည်းလမ်းများဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်း၍ ပံ့ပိုးကူညီပေးရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
