အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                              ဩဂုတ် ၁

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန် သည် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် မြို့ရှိ ပညာရေးတက္ကသိုလ်၌ ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်လုပ်ကိုင်ခွင့်စနစ် (Employment Permit System – EPS) ဖြင့် လုပ်သားများစေလွှတ်ရန် (၁၆) ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) အောင်မြင်သူများအား အခြေခံကျွမ်းကျင်မှု (Skills Test) စစ်ဆေးနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

EPS ဖြင့်  အလုပ်သမားစေလွှတ်ခြင်းကို မြန်မာနိုင်ငံမှ ၂၀၁၁ ခုနှစ်တွင် စတင်ဆောင်ရွက် ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လထိ လုပ်သားဦးရေ ၆၅,၀၀၀ ကျော် စေလွှတ်ခဲ့ပြီးဖြစ်သည်။ ကိုရီးယား သမ္မတနိုင်ငံသို့ သွားရောက်လုပ်ကိုင်လိုသူများအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဝန်ဆောင်မှု လုပ်ငန်းအဖွဲ့ Human Resource Development Service of Korea (HRD-Korea) က ကျင်းပပြုလုပ်သော ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK)ကို  ဦးစွာဖြေဆိုရပြီး အောင်မြင်သူ များသာ အခြေခံကျွမ်းကျင်မှု (Skills Test) စစ်ဆေးခြင်းကို ခံယူ၍  EPS စနစ်အတွင်း ကိုရီးယား အလုပ်ရှင်များက ရွေးချယ်မှသာ ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြရသည်။ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်လုပ်သား ဦးရေခွဲတမ်းရရှိမှုအလိုက် လုပ်သားများ စေလွှတ်ပေးလျက် ရှိရာ ၂၀၂၄ ခုနှစ်အတွက် လုပ်သား ၁၁,၀၀၀ ကျော် စေလွှတ်ခွင့် ရရှိထားကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်သော (၁၆) ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်း စစ်စာမေးပွဲ (EPS-TOPIK) အောင်မြင်၍ အခြေခံကျွမ်းကျင်မှု (Skills Test) စစ်ဆေးခြင်း စာမေးပွဲကို ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၌ ၂၈-၇-၂၀၂၄ ရက်နေ့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း ဖြေဆိုသူ ၃၀၂ ဦးနှင့် ဆောက်လုပ်ရေးလုပ်ငန်း ဖြေဆိုသူ ၂၁၁ ဦး အားလည်းကောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၌ ၂၉-၇-၂၀၂၄ ရက်နေ့မှ ၁-၈-၂၀၂၄ ရက်နေ့အထိ ဝန်ဆောင်မှု လုပ်ငန်း-အုပ်စု (၂) ဖြေဆိုသူ ၃,၆၈၇ ဦးအား လည်းကောင်း စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၈) ရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ အမှတ် (၆) ရှိ Info Myanmar Vocational School သို့ သွားရောက်၍ IT ပိုင်းဆိုင်ရာ နည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ သည်။

သင်တန်းကျောင်းတာဝန်ခံက Info Myanmar Vocational School ကို ၂၀၁၉ ခုနှစ်တွင် စတင်ဖွင့်လှစ်၍ Info Myanmar Collage ကိုပါ တည်ထောင်ခဲ့ကြောင်း၊ Pearson BTEC International Level 3 Subsidiary Diploma in Information Technology သင်တန်းနှင့် Pearson BTEC International Level 2 Certificate in Information Technology သင်တန်းကို သင်တန်းကာလ (၈) လစီနှင့်  Pearson BTEC Level 1 Introductory Certificate in Information Technology သင်တန်းကို သင်တန်းကာလ (၆) လဖြင့် စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေး လျက်ရှိကြောင်း၊ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလမှစ၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိ အမှတ်ပြု သင်တန်းကျောင်းအဖြစ် မှတ်ပုံတင်ခဲ့ကြောင်း၊ သင်တန်းကျောင်း စတင်တည်ထောင် ချိန်မှ ယခုအချိန်ထိ သင်တန်းသားဦးရေ ၁၀,၀၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ Level 1 သင်တန်းအတွက် Grade 8 အောင်မြင်ပြီးသူ၊ Level 2နှင့် Level 3 သင်တန်းအတွက် Grade 9 အောင်မြင်ပြီး သူများ တက်ရောက်နိုင်၍ သင်တန်းပြီးဆုံးပါက ပြည်တွင်းရှိ လုပ်ငန်းခွင်များနှင့် ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင် သူများရှိပြီး အချို့မှာ Info Myanmar Collage သို့ ဆက်လက်တက်ရောက်နေကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

          ဒုတိယဝန်ကြီးက Info Myanmar Vocational School သည် ခေတ်နှင့်လျော်ညီသည့် IT ပိုင်းဆိုင်ရာ နည်းပညာ များကို ပို့ချလျက်ရှိသဖြင့် အရည်အသွေးပြည့်ဝသည့် သင်တန်းသားများကို ပိုမိုမွေးထုတ်ပေးစေလိုကြောင်း၊ သင်တန်းသား များ ပညာရေးဆုံးခန်းတိုင် တက်ရောက်နိုင်ရေး ပေါင်းကူးချိတ်ဆက်ပေးနိုင်မည့် နည်းလမ်းများ ပံ့ပိုးကူညီပေးရန်နှင့် လိုအပ် ချက်များရှိက အနာဂတ် သင်တန်းသားများအတွက် သင်ခန်းစာကို NSSA မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၏ ကျွမ်းကျင်မှု “စံ” များနှင့် ချိတ်ဆက်ကာ သင်ခန်းစာများ ပို့ချရေး၊  လူငယ်လူရွယ်များအား ခေတ်မီတိုးတတ်သော IT ပညာရပ်များဖြင့် ပြည်တွင်း/ပြည်ပ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အလုပ်အကိုင် အခွင့် အလမ်းများရရှိစေရေး စေတနာထား ကြိုးပမ်းဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။