ရန်ကုန် ဇူလိုင် ၁၂
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံ အရာထမ်းများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံ(ဆိပ်ကမ်း) စက်မှုဇုန် ကနောင်ခန်းမ၌ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ လုပ်ငန်းရှင်များ၊ စက်ရုံ၊ အလုပ်ရုံများမှ HR မန်နေဂျာများနှင့် တာဝန်ခံကြီးကြပ်သူများကို တွေ့ဆုံ၍ အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်ရှာဖွေသူနှင့် အလုပ်ရှင်များ ကို ချိတ်ဆက်ပေး၍ အလုပ်ခန့်ထားပေးခြင်း၊ လုပ်သားများအတွက် အခကြေးငွေနှင့် အချိန်ပို အခကြေးငွေများ သတ်မှတ်ရက်အတွင်း ခံစားစေခြင်း၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့်နှင့် မီးဖွားခွင့်များ ဥပဒေနှင့်အညီ ခွင့်ပြုစေခြင်း၊ MSME လုပ်ငန်းတွင် အဓိကလိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဌာန်းရေးအဖွဲ့ NSSA ထူထောင်၍ ဘဏ္ဍာနှစ်အလိုက် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးခြင်း၊ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေးတို့အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်း၊ OSH ဆိုင်ရာတာဝန်ခံ ခန့်အပ်စေခြင်း၊ လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းစေရန် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) များ ဖွဲ့စည်း၍ ကြပ်မတ်ဆောင်ရွက် ပေးနေသည့်အပြင် လူမှုဖူလုံရေးဥပဒေနှင့်အညီ အာမခံအလုပ်သမားများကို သက်ဆိုင်ရာ အာမခံစနစ်အလိုက် အကျိုးခံစားခွင့်များ ရရှိခံစားစေခြင်းတို့ကို စည်းကြပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊
CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် CMP လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း၍ CMP လုပ်ငန်း စနစ်တကျရှိစေရေး ကြီးကြပ်ဆောင် ရွက်ပေးနေပြီး ဆပ်ကော်မတီအလိုက် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် သို့ တင်ပြလျက်ရှိကြောင်း၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်နှင့်အညီ ပုဂ္ဂလိက လုပ်ငန်းများ တိုးတက်စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ဒေသဆိုင်ရာအစိုးရနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များက တာဝန်ယူ တာဝန်ခံခြင်းဖြင့် တက်ညီလက်ညီ အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် တည်ငြိမ် အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှု လျော့နည်း ပပျောက်စေရေးအတွက် စက်ရုံရှိ လူသားအင်းအမြစ်များကို နေရာတကျအသုံးချ၍ လိုအပ်သည့် ထုတ်ကုန်များကို စံချိန်မီ သတ်မှတ်ရက်အတွင်း ထုတ်လုပ်ပေးရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပညာရေးကဏ္ဍသည် အရေးကြီးသဖြင့် ပညာတတ်များစွာရှိရန် လိုအပ်ကြောင်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ လုပ်သားများ၏ သားသမီးများကို အနာဂတ်တွင် နိုင်ငံတော်အတွက် အားထားရသည့် လူငယ်လူရွယ်များဖြစ်လာစေရေး၊ မှန်ကန် သည့် အတွေးအခေါ် မြော်မြင်မှုများ ရရှိရေး ပြုစုပျိုးထောင်ပေးရန်လိုကြောင်း ဆွေးနွေးမှာကြား ခဲ့သည်။
ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ခံအရာရှိက အလုပ်သမားရေးရာဥပဒေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြီး နယ်မြေခံအလုပ်သမားရေးရာ အရာထမ်း များက စက်ရုံလုပ်သားများ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပြီး အချိန်မရွေး ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကို အသိပေးခဲ့သည်။
ထို့နောက် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် သည် ဒဂုံ(ဆိပ်ကမ်း) မြို့နယ်၊ စက်မှုဇုန်ရှိ Mayfair (Myanmar) Industry Co., Ltd၊ Dong Chen Handbag (Myanmar) Co., Ltd၊ Golden Island အထည်ချုပ်စက်ရုံနှင့် Yangon Xie Hui ဖိနပ်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံနှင့် မန်နေဂျာ၊ စက်ရုံ အလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင် အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြား၍ နယ်မြေခံအရာထမ်းများ နှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများကို ရင်းနှီးစွာ တွေ့ဆုံအားပေးခဲ့ကြောင်း သိရှိရပါသည်။