ရန်ကုန် ဇွန် ၂၅
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံ အရာထမ်းများနှင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ Hanboom (Myanmar) Garment Co., Ltd နှင့် New Forest Co., Ltd အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံ နှင့် မန်နေဂျာ၊ စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင်အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများကို ရင်းရင်းနှီးနှီး တွေ့ဆုံမှာကြားခဲ့သည်။
ဒုတိယဝန်ကြီးက CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်း၍ CMP လုပ်ငန်း စနစ်တကျရှိစေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆပ်ကော်မတီအလိုက် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်သို့ တင်ပြလျက်ရှိကြောင်း၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်နှင့်အညီ ပုဂ္ဂလိက လုပ်ငန်းများ တိုးတက်စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ဒေသဆိုင်ရာအစိုးရနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များက တာဝန်ယူတာဝန်ခံခြင်းဖြင့် တက်ညီလက်ညီ အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ် အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှု လျော့နည်း ပပျောက်စေရေး တည်ဆဲအလုပ်သမားရေးရာဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့သည်။
နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ Asia Caps Co., Ltd အထည်ချုပ်စက်ရုံနှင့် Yacheng Foot Wear Co., Ltd ဖိနပ်ချုပ်စက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ စက်ရုံတာဝန်ခံများက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ် စွမ်းအားတိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်နေမှု၊ စက်ရုံတွင်း အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်း ဆောင်ရွက်နေမှု၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများ ဖွဲ့စည်း ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း အလုပ်သမားများ အေးချမ်းစွာ လုပ်ကိုင်နေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား CMP လုပ်ငန်းများသည် အလုပ် အကိုင်အခွင့်အလမ်းအများဆုံး ဖန်တီးပေးနိုင်ပြီး မြန်မာလုပ်သားထုနှင့် နိုင်ငံတော်အတွက် ရေတိုရေရှည်အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးလုပ်ငန်းဖြစ်ခြင်းကြောင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် CMP လုပ်ငန်းများကို ဖွင့်လှစ်ခွင့်ပြုပြီး သက်ဆိုင်ရာဦးစီးဌာန များမှစည်းကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) နှင့် အလုပ်ရှင်တို့သည် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး မတော်တဆ ထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါထိခိုက်ခံစားမှု လျော့နည်းကျဆင်းလာသည်နှင့်အမျှ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးများစွာ အထောက်အကူဖြစ်စေနိုင်ကြောင်း လမ်းညွှန်မှာကြား ခဲ့သည်ဟု သိရှိရပါသည်။