ရန်ကုန် ဇွန် ၁၄ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှတာဝန်ခံ အရာထမ်းများနှင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးရှိ ရွှေပြည်သာစက်မှုဇုန် ကနောင် ခန်းမ၌ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လုပ်ငန်းရှင်များ၊ စက်ရုံ၊ အလုပ်ရုံများမှ HR မန်နေဂျာများနှင့် တာဝန်ခံ ကြီးကြပ်သူများကို တွေ့ဆုံ၍ အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်ရှာဖွေသူနှင့် အလုပ်ရှင်များ ကို ချိတ်ဆက်ပေး၍ One Stop Service ဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက် ရရှိရေးဆောင်ရွက်ပေးခြင်း၊ ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင် အေဂျင်စီ များ စနစ်တကျလိုက်နာဆောင်ရွက်ရေး စီမံကြီးကြပ်ခြင်း၊ လုပ်သားများအတွက် အခကြေးငွေနှင့် အချိန်ပိုအခကြေးငွေများ သတ်မှတ်ရက်အတွင်း ခံစားစေခြင်း၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့်နှင့် မီးဖွားခွင့်များ ဥပဒေနှင့်အညီ ခွင့်ပြုစေခြင်း၊ MSME လုပ်ငန်းတွင် အဓိက လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ထူထောင်၍ ဘဏ္ဍာနှစ်အလိုက် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးခြင်း၊ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေးတို့အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်း၊ OSH ဆိုင်ရာ တာဝန်ခံခန့်အပ်စေခြင်း၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အာမခံ အလုပ်သမားများကို သက်ဆိုင်ရာအာမခံစနစ်အလိုက် အကျိုးခံစားခွင့်များ ရရှိခံစားစေခြင်းတို့ကို စည်းကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် CMP လုပ်ငန်းများကြီးကြပ်ရေး ကော်မတီ နှင့် ဆပ်ကော်မတီများ ဖွဲ့စည်း၍ CMP လုပ်ငန်း စနစ်တကျရှိစေရေး သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် ကြီးကြပ်ဆောင်ရွက်ခြင်း၊ လိုအပ်ပါက ကွင်းဆင်းစစ်ဆေး၍ စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာကို CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်သို့ တင်ပြခြင်းများ ဆောင်ရွက်ပေးနေကြောင်း၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတစ်ခု တိုးတက် ကောင်းမွန်ရေးအတွက် နိုင်ငံတွင်နေထိုင်ကြသူများက ဆောင်ရွက်ရခြင်းဖြစ်သကဲ့သို့ နိုင်ငံကို ပျက်စီးအောင်လည်း အဖျက်သမားစိတ်ဓာတ်ရှိသည့် ၎င်းနိုင်ငံသားများကပင် အဓိက ပြုလုပ်ခြင်း ဖြစ်ကြောင်း အဖျက်သမားများကို လူထုအားဖြင့် ဆန့်ကျင်ရန်လိုကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အရေးကြီးသဖြင့် ပညာတတ်များစွာရှိရန် လိုအပ် ကြောင်း လမ်းညွှန်မှာကြားချက်နှင့်အညီ၊ ပုဂ္ဂလိကလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များက တာဝန်ယူ တာဝန်ခံခြင်း ဖြင့် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ CMP စက်ရုံ၊ အလုပ်ရုံများ တွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှု လျော့နည်းပပျောက်စေရေး၊ တည်ဆဲအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် တက်ညီလက်ညီ ပူးပေါင်း ဆောင် ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ အလုပ်သမားရေးရာ တိုင်းဒေသကြီးတာဝန်ခံအရာရှိများက အလုပ်သမား ရေးရာဥပဒေများနှင့်စပ်လျဉ်း၍ အလေးထားလိုက်နာဆောင်ရွက်ရမည့် ပြဋ္ဌာန်းချက်များနှင့် အမိန့်၊ ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရွှေပြည်သာမြို့နယ်ရှိ Jia Shihao Myanmar Co., Ltd အထည်ချုပ်စက်ရုံနှင့် Jia Shihao Knitted Co., Ltd အထည်ချုပ်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံများက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေမှု၊ စက်ရုံတွင်း အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ(WCC) ဖွဲ့စည်းဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

