ရန်ကုန် မေ ၂၄
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံ အရာထမ်းများနှင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) ၌ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းနှင့် မော်တော်ယာဉ် စက်ပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ စနစ်တကျ သင်ကြားပို့ချမှုကို အလေးထားမှတ်သားပြီး လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးချနိုင်ရေး၊ မိမိတို့ လူနေမှုဘဝမြင့်မားစေရေး စဉ်ဆက်မပြတ်လေ့လာ သင်ယူရန် မှာကြားခဲ့သည်။
နေ့လယ်ပိုင်းတွင် လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမ၌ စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ လုပ်ငန်းရှင်များ၊ စက်ရုံ၊ အလုပ်ရုံများမှ HR မန်နေဂျာများ နှင့် တာဝန်ခံကြီးကြပ်သူများကို တွေ့ဆုံ၍ အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ ခဲ့သည်။
ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိရေးအတွက် အလုပ်ရှာဖွေသူနှင့် အလုပ်ရှင်များကို ချိတ်ဆက်ပေးခြင်း၊ One Stop Service ဖြင့် ရွေးချယ်ခန့်ထားပေးနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲများကျင်းပပေးခြင်း၊ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင် အေဂျင်စီများ လိုင်စင်ထုတ်ပေးခြင်း၊ လုပ်သားများအတွက် အခကြေးငွေနှင့် အချိန်ပို အခကြေးငွေများ ခံစားစေခြင်း၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့်နှင့် မီးဖွားခွင့်များ ဥပဒေနှင့်အညီ ခံစားစေခြင်း၊ MSME လုပ်ငန်းတွင် အဓိကလိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ပြဌာန်း ရေးအဖွဲ့ NSSA ထူထောင်၍ ဘဏ္ဍာနှစ်အလိုက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်း၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေး နှင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေးတို့အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်း၊ OSH ဆိုင်ရာ တာဝန်ခံ ခန့်အပ်ခြင်း၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အာမခံအလုပ်သမားများကို သက်ဆိုင်ရာ အာမခံစနစ်အလိုက် အကျိုးခံစားခွင့်များ ရရှိခံစားစေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် CMP လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဆပ်ကော်မတီများ ထပ်မံဖွဲ့စည်း၍ CMP လုပ်ငန်း စနစ်တကျ ရှိစေရေး သက်ဆိုင်ရာ ဆပ်ကော်မတီများမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ လိုအပ်ပါက ကွင်းဆင်း စစ်ဆေး၍ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်သို့ တင်ပြလျက်ရှိကြောင်း၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ်က ပုဂ္ဂလိက လုပ်ငန်းများ တိုးတက်စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ဒေသဆိုင်ရာအစိုးရနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များက တာဝန်ယူ တာဝန်ခံခြင်းဖြင့် ထိရောက်စွာ အကောင်အထည် ဖော်ရမည်ဟု လမ်းညွှန်မှာကြားချက်နှင့်အညီ CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှု လျော့နည်းပပျောက်စေရေး အတွက် တည်ဆဲ အလုပ်သမားရေးရာဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာမြို့နယ်ရှိ Tian Yu International Co., Ltd ဖိနပ်စက်ရုံနှင့် ရွှေလင်ပန်းစက်မှုဇုန်ရှိ Jiangsu Soho (Myanmar) Industry Co., Ltd အထည်ချုပ်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ စက်ရုံတာဝန်ခံများက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေမှု၊ စက်ရုံတွင်း အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်း ဆောင်ရွက်နေမှု၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း အလုပ်သမားများ အေးချမ်းစွာ လုပ်ကိုင်နေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား CMP လုပ်ငန်းများသည် အလုပ် အကိုင်အခွင့်အလမ်းအများဆုံး ဖန်တီးပေးနိုင်ပြီး မြန်မာလုပ်သားထုနှင့် နိုင်ငံတော်အတွက် ရေတိုရေရှည်အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးလုပ်ငန်းဖြစ်ခြင်းကြောင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် CMP လုပ်ငန်းများကို ဖွင့်လှစ်ခွင့်ပြုပြီး သက်ဆိုင်ရာဦးစီးဌာန များမှ စည်းကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) နှင့် အလုပ်ရှင်တို့သည် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းပြီး မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါထိခိုက် ခံစားမှုလျော့နည်းကျဆင်းလာသည်နှင့်အမျှ ကုန်ထုတ်စွမ်းအား တိုးတက်စေရေးများစွာ အထောက်အကူဖြစ်စေနိုင်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်ဟု သိရှိရပါသည်။

