အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                    ဧပြီ ၁၀

        အလုပ်သမားဝန်ကြီးဌာန ကိုယ်စားပြုယိမ်းအဖွဲ့၏ ဝတ်စုံပြည့်ကပြဖျော်ဖြေခြင်း အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အားပေးကြည့်ရှုခဲ့သည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်တွင် ကျရောက်သည် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အထိမ်းအမှတ်အနေဖြင့် ဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအဖွဲ့သည် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် ၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ သင်္ကြန်ကာလအတွင်း ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း၊ မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၌ ဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအဖွဲ့ အနေဖြင့် ကပြဖျော်ဖြေတင်ဆက်နိုင်ရေး ဝန်ကြီးဌာနရှိ ဦးစီးဌာနများ အပါအဝင် ကော်မတီများ ဖွဲ့စည်းပြီး သက်ဆိုင်ရာကော်မတီအလိုက် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက် လျက်ရှိပါကြောင်း၊

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အထိမ်းအမှတ် နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်တွင် ဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအဖွဲ့အနေဖြင့် အောင်အောင်မြင်မြင်  ဖျော်ဖြေနိုင်ရန်  ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့်  ပံ့ပိုးမှုများဆောင်ရွက်ပေးထားပြီးဖြစ်၍ ယိမ်းအဖွဲ့ဝင်များမှ ဝန်ကြီးဌာန၏ ဂုဏ်ကိုမြှင့်တင်သည့် အနေဖြင့် အထူးကြိုးစားကပြဖျော်ဖြေသွားကြရန်နှင့် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး မှ အလုပ်သမားဝန်ကြီးဌာန ကိုယ်စားပြု ယိမ်းအဖွဲ့နှင့် အကနည်းပြဆရာမအား ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များက ယိမ်းအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် မဟာသင်္ကြန်အထိမ်းအမှတ်အဖြစ် ကြည်လင်သန့်ရှင်းမွှေးပျံ့သည့် နံ့သာရေများကို သပြေခက် များဖြင့် ပက်ဖျန်းခဲ့ကြကြောင်း သတင်းရရှိသည်။