နေပြည်တော် ဇန်နဝါရီ ၃
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့့်် အလုပ်သမားဝန်ကြီးဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအား အဆိုပါဝန်ကြီးဌာနရုံးအမှတ်(၅၁)တွင် ကျင်းပပြု လုပ်ခဲ့သည်။
နံနက်ပိုင်းအခမ်းအနားတွင် ရွှေကုက္ကားကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝံသ အမှူးပြုသော သံဃာတော်(၁၀)ပါးအား နေ့ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝံသထံမှ ငါးပါးသီလခံယူကာ သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ချီးမြှင့်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၎င်းတို့၏ ဇနီးများမှ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဒုတိယပိုင်း အခမ်းအနားကို ဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခြင်းဖြစ်သည့်အတွက် ဇန်နဝါရီလ (၄) ရက်နေ့ကို ဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အဖြစ်သတ်မှတ်ခဲ့ပြီး ယခင်ကလည်း နှစ်ပတ်လည်နေ့ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြောင်း၊
(၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ဝန်ကြီးဌာန၏ ဖြတ်သန်း လျှောက်လှမ်းခဲ့မှုများအပေါ် အမှတ်တရဖြစ်စေပြီး တွေ့ကြုံခဲ့ရသည့် အားနည်းချက်၊ အားသာချက် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့မှုများအား သုံးသပ်၍ ဝမ်းသာပီတိဖြစ်စေရန်၊ (၇၇)နှစ်မြောက် မှသည် နောင်နှစ်ပေါင်းများစွာ အောင်မြင်မှုများစွာဖြင့် ထာဝရရှင်သန်နိုင်စေရန်နှင့် ဝန်ထမ်းများ အချင်းချင်း မိသားစုသဖွယ် နွေးထွေးစွာ၊ စည်းစည်းလုံးလုံးဖြင့် အရှိန်အဟုန်မပျက် ခရီးဆက်နိုင် ရေးအတွက် ကျင်းပခြင်းဖြစ်ကြောင်း၊
ဝန်ကြီးဌာန၏ မျှော်မှန်းချက်ပန်းတိုင်ရောက်ရှိရေးအတွက် ဦးစီးဌာန၊ အဖွဲ့ရုံး အသီးသီး တို့က ရည်မှန်းချက်များ ချမှတ်ပြီး အလုပ်ရှင်၊ အလုပ်သမားထုတစ်ရပ်လုံး ယုံကြည်လေးစား အားကိုးရသည့် ဝန်ကြီးဌာနတစ်ခု ဖြစ်လာစေရေးအတွက် လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုတို့သည် အလုပ်သမား တို့အပေါ် များစွာတည်မှီနေ သည်ဖြစ်သည့်အတွက် အလုပ်သမားထုတစ်ရပ်လုံး၏ အကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိနေသော အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသမိုင်း တွင် အဓိကကျသောကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊
ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် တာဝန်ရှိသူများနှင့် ဝန်ထမ်းများသည် တာဝန်သိမှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာရှိမှု၊ ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်မှု၊ ထိရောက်သည့် စွမ်းဆောင်ရည်ရှိမှု၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့်အညီ လုပ်ကိုင် ဆောင်ရွက်တတ်မှုနှင့် လာဘ်ပေးလာဘ်ယူကင်းရှင်းမှုစသည့် ကိုယ်ပိုင်အရည်အသွေးများ ရှိအောင် ကြိုးစားအားထုတ်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာနနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊
ရှေ့ဆက်၍ စိတ်သစ်၊ လူသစ်၊ စွမ်းအား သစ်များနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ကြီး ဌာန၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားရေး တို့အတွက် ဦးစီးဌာန၊ အဖွဲ့အချင်းချင်း၊ ဝန်ထမ်း အချင်းချင်း စိတ်ကောင်းစေတနာကောင်းဖြင့် ဟန်ချက်ညီညီ ပေါင်းစည်းပြီး ဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် ပေါင်းစည်းဟန်ချက် စွမ်းအားတက် Synchronizing Manpower နှင့်အညီ ကြိုးစားဆောင်ရွက်သွားခြင်းဖြင့် အလုပ်သမားဝန်ကြီးဌာန၏ ဂုဏ်ကို မြှင့်တင်သွားကြရန် အရာထမ်း၊ အမှုထမ်းများကို တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဝန်ထမ်းတူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်း၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနပေါင်းစုံ အသင်းလိုက် အကျောမဲ့ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဝန်ကြီးဌာနအသင်းနှင့် ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခြင်း၊ သင်တန်းထူးချွန်ဆုရရှိသူများနှင့် ဘာသာရပ်ဆိုင်ရာ စွမ်းဆောင်ရည် ထူးချွန်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်၍ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီး ဝန်ထမ်းများအတွက် ပျော်ပွဲရွှင်ပွဲအဖြစ် ကံစမ်းမဲများ မဲဖောက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။