နေပြည်တော် ဇန်နဝါရီ ၃
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားဝန်ကြီးဌာန၏ (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ၎င်းတို့၏ ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အစီအစဉ်အရ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ရွှေကုက္ကားကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝံသ ထံမှ ငါးပါးသီလခံယူကာ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ချီးမြှင့်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၎င်းတို့၏ ဇနီးများမှ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ အခမ်းအနားကို ဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် အလုပ်သမားဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခြင်းဖြစ်သည့်အတွက် ဇန်နဝါရီလ (၄) ရက်နေ့ကို ဝန်ကြီး ဌာန၏ နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ယခင်ကလည်း နှစ်ပတ်လည်နေ့ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြောင်း၊
(၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ဝန်ကြီးဌာန၏ ဖြတ်သန်း လျှောက်လှမ်းခဲ့မှုများအပေါ် အမှတ်တရဖြစ်စေပြီး တွေ့ကြုံခဲ့ရသည့် အားနည်းချက်၊ အားသာချက် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့မှုများအား သုံးသပ်၍ ဝမ်းသာပီတိဖြစ်စေရန်၊ (၇၆)နှစ်မြောက် မှသည် နောင်နှစ်ပေါင်းများစွာ အောင်မြင်မှုများစွာဖြင့် ထာဝရရှင်သန်နိုင်စေရန်နှင့် ဝန်ထမ်းများ အချင်းချင်း မိသားစုသဖွယ် နွေးထွေးစွာ၊ စည်းစည်းလုံးလုံးဖြင့် အရှိန်အဟုန်မပျက် ခရီးဆက်နိုင် ရေးအတွက် ကျင်းပခြင်းဖြစ်ကြောင်း၊
ဝန်ကြီးဌာန၏ မျှော်မှန်းချက်ပန်းတိုင်ရောက်ရှိရေးအတွက် ဦးစီးဌာန၊ အဖွဲ့ရုံး အသီးသီး တို့က ရည်မှန်းချက်များ ချမှတ်ပြီး အလုပ်ရှင်၊ အလုပ်သမားထုတစ်ရပ်လုံး ယုံကြည်လေးစား အားကိုးသည့် ဝန်ကြီးဌာနတစ်ခု ဖြစ်လာစေရေးအတွက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် တာဝန်ရှိသူများနှင့် ဝန်ထမ်းများသည် တာဝန်သိမှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာရှိမှု၊ ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်မှု၊ ထိရောက်သည့် စွမ်းဆောင်ရည်ရှိမှု၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့်အညီ လုပ်ကိုင် ဆောင်ရွက်တတ်မှုနှင့် လာဘ်ပေးလာဘ်ယူကင်းရှင်းမှု စသည့် ကိုယ်ပိုင်အရည်အသွေးများ ရှိအောင် ကြိုးစားအားထုတ်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာနနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊
ရှေ့ဆက်ပြီး ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းအားလုံး စိတ်သစ်၊ လူသစ်၊ စွမ်းအား သစ်များနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ကြီးဌာန၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားရေး တို့အတွက် ဦးစီးဌာန၊ အဖွဲ့ အချင်းချင်း၊ ဝန်ထမ်းအချင်းချင်း စိတ်ကောင်းစေတနာကောင်းဖြင့် ဟန်ချက်ညီညီ ပေါင်းစည်းပြီး ဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် Synchronizing Manpower နှင့်အညီ ကြိုးစားဆောင်ရွက်သွားခြင်းဖြင့် အလုပ်သမားဝန်ကြီးဌာန၏ ဂုဏ်ကို မြှင့်တင်သွားကြ ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမျိုးသားဝန်ထမ်း တူညီဝတ်စုံများ ထောက်ပံ့ ပေးအပ်ခြင်းနှင့် သင်တန်းထူးချွန်ဆုရရှိသူ (၄)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခြင်း၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီးမှ အမျိုးသမီးဝန်ထမ်း တူညီဝတ်စုံများ ထောက်ပံ့ ပေးအပ်ခြင်းနှင့် သင်တန်းထူးချွန်ဆုရရှိသူ (၃)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းရှိန် နှင့် အမြဲတမ်းအတွင်းဝန်တို့မှ သတင်းစာတွင် ဆောင်းပါရေးသားသူ (၇)ဦးအား ဂုဏ်ပြုဆုချီးမြှင့်ပြီးနောက် ညွှန်ကြားရေးမှူးချုပ်များမှ နှစ်ပတ် လည်နေ့ အထိမ်းအမှတ် ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ထူးချွန်ဆုရရှိသူများကိုယ်စား အရာထမ်းတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
