နေပြည်တော် မတ်လ ၂၄။
အလုပ်သမားဝန်ကြီးဌာန၏ (၂၀၂၁-၂၀၂၂)နှစ်ချုပ်နှင့် (၂၀၂၂-၂၀၂၃) အမျိုးသားစီမံကိန်း လုပ်ငန်းစဉ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားကို ယနေ့နံနက် ၀၉:၃၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွန်ကြားရေးမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ပြည်ထောင်စုနယ်မြေရှိ ဦးစီးဌာနများမှ တာဝန်ခံများ တက်ရောက်ကြပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်တာဝန်ခံများက Online ဖြင့် တက်ရောက်ကြသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အလုပ်အကိုင်အခွင့်အလမ်းနှင့် လုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေး၊ အလုပ်သမားများ၏ လုပ်ခလစာများ အချိန်မီ ထုတ်ယူရရှိရေး၊ အာမခံအလုပ်သမား များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် အကျိုးခံစားခွင့်များ အချိန်မီခွင့်ပြု ထုတ်ပေး နိုင်ရေး၊ လူမှုဖူလုံရေးထည့်ဝင်ကြေးများ ရာခိုင်နှုန်းပြည့် ကောက်ခံရရှိရေးနှင့် ကြွေးကျန်များ မဖြစ်ပေါ်စေရေး၊ စက်ရုံအလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရေးနှင့် အလုပ်လက်မဲ့ လျော့နည်း စေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး၊ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများအား မှန်ကန်မြန်ဆန်စွာ ဖြေရှင်းပေးရေး စသည့်လုပ်ငန်းများသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဦးတည်ချက်(၉)ရပ်တွင်ပါဝင်သည့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများကို အာပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးဆိုသည့်အချက်နှင့် အကျုံးဝင်သဖြင့် ဦးစီးဌာနအလိုက် လုပ်ငန်းများအား ရာခိုင်နှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဌာနအကြီးအကဲများမှ အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊
နိုင်ငံ့ဝန်ထမ်းတစ်ယောက်အနေဖြင့် ထမ်းဆောင်ရမည့်တာဝန်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ လိုက်နာရမည့် စည်းကမ်းများရှိပါကြောင်း၊ နိုင်ငံတော်၏အကျိုးအတွက် လိုအပ် ပါက အချိန်ပြည့် အလုပ်လုပ်ရန် တာဝန်ရှိကြောင်း၊ မူလတာဝန်များသာမက အခြားလိုအပ်သော တာဝန်များကိုလည်း နိုင်ငံတော်က ပေးအပ်လာလျှင် ဆောင်ရွက်ရန် တာဝန်ရှိသည့်အပြင် ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကိုလည်း လိုက်နာရမည့် တာဝန် ရှိကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များကို လိုက်နာရမည့်အပြင် နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ အကျိုးစီးပွားကို အလေးထားဆောင်ရွက်မှုများသည်လည်း နိုင်ငံ့ဝန်ထမ်းများ လိုက်နာ ရမည့် တာဝန်များဖြစ်ကြောင်း၊ ဝန်ထမ်းတစ်ဦးအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုအပ်ပြီး ရုံးတွင်းရုံးပြင်ပများတွင် ပါတီနိုင်ငံရေးနှင့်ပတ်သက်၍ စည်းရုံးခြင်း၊ ဟောပြောခြင်းများအား ရှောင်ကျဉ်ရမည်ဖြစ်ကြောင်း၊
ဝန်ထမ်းများအနေဖြင့် မိမိတို့သက်ဆိုင်ရာဘာသာရပ်၊ လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်း ခွင်တိုင်း၌ တာဝန်ကိုယ်စီရှိ၍ တာဝန်ကိုသိရမည်ဖြစ်ပြီး ယင်းတာဝန်ကို လေးစားရန် ကျွမ်းကျင်ရန်၊ ရာထူးအဆင့်ဆင့်တိုင်းအတွက် လိုအပ်သည့် ဘာသာရပ်ကျွမ်းကျင်မှုများကို တာဝန်သိမှု၊ တာဝန်ယူမှု၊ လေ့လာဆည်းပူးမှုတို့ဖြင့် ဖြည့်ဆည်းရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်တာဝန်ခံများအနေဖြင့် လုပ်ငန်းများ အချိန်မီပြီးမြောက်အောင်မြင်စေရေးနှင့် အကူအညီ အထောက်အပံ့များ ရရှိရေးအတွက် လိုအပ်ပါက အလုပ်သမားဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးများကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
(၂၀၂၁-၂၀၂၂) စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါဖြစ်ပွားနေဆဲကာလဖြစ်၍ စီမံကိန်းရည်မှန်းချက် အောင်မြင်အောင် ခက်ခဲစွာ ကြိုးစားဆောင်ရွက်ခဲ့ရကြောင်း၊
(၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်တွင်လည်း ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါဖြစ်ပွားနေဆဲ ကာလဖြစ်၍ အမျိုးသားစီမံကိန်းဆိုင်ရာ အလုပ်သမားဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များအား ရာနှုန်းပြည့် ပြီးစီးအောင်မြင်စေရေးအတွက် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား တာဝန်ရှိသူအဆင့်ဆင့်မှ အထူးကြိုးစားအားထုတ်၍ ကိုင်တွယ်ကျင့်သုံးရမည့် ဥပဒေများ၊ ဌာန၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပိုမိုအောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဌာနဆိုင်ရာအကြီးအကဲများ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံများအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြရာတွင် အမှန်တကယ် ဆောင်ရွက်ချက်များကိုသာ တင်ပြရန်လိုအပ်ပြီး အထက်ဌာနများမှ ပံ့ပိုး ဆောင်ရွက်ရမည့် အရေးကြီးထူးခြားဖြစ်စဉ် သတင်းများကိုလည်း ထည့်သွင်းတင်ပြသွားရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အခက်အခဲများ၊ လိုအပ်ချက်များ၊ အကြံဉာဏ်များ အပါအဝင် ဌာနအတွက် အကျိုးရှိစေမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေး ကြရန်မှာကြားခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးစီးဌာန၊ အဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများမှ တာဝန်ခံများ၊ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက်၊ ဆေးရုံအလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် လုပ်ငန်းလိုအပ်ချက်များ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိများက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်း တင်ပြ ခဲ့ကြသည်။ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၂၅ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်