နေပြည်တော် ဇူလိုင် ၁၇
အလုပ်သမားဝန်ကြီးဌာန၏ ဆရာဒကာကျောင်းများသို့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ခြင်းနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်များလှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာနရှိ စုဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ နေပြည်တော် ရွှေကုက္ကားကျောင်းတိုက်၊ သပြေတောင်ကျောင်းတိုက်နှင့် ညောင်ရမ်းကျောင်းတိုက်တို့မှ ပင့်သံဃာတော်များကြွရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အစီအစဉ်အရ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ရွှေကုက္ကားကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝံသ ထံမှ ငါးပါးသီလခံယူပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ချီးမြှင့်ခဲ့သည်။
၎င်းနောက်ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာန၏ ဝါဆိုသင်္ကန်းနှင့် ဝါတွင်းကာလ ဝါဆိုသံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်နီများ လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းလျှောက်ထားရာတွင် ဝန်ကြီးဌာနအနေဖြင့် ဆရာဒကာ ကျောင်းများဖြစ်သည့် ရွှေကုက္ကားကျောင်းတိုက်၊ သပြေတောင်ကျောင်းတိုက်နှင့် ညောင်ရမ်း ကျောင်းတိုက်တို့မှ သံဃာတော်များ နှစ်စဉ် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း၊ ယခုနှစ်တွင် ပုံမှန်လှူဒါန်းနေကြ လှူဖွယ်ဝတ္ထုပစ္စည်းများအပြင် ဝါတွင်းကာလ ဝါဆိုသံဃာတော်များအတွက် (၃)လစာ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ကြက်သွန်နီများဖြင့် လှူဖွယ်ပစ္စည်းစုစုပေါင်းတန်ဖိုး ၁၁,၀၈၄,၁၀၀/- ကျပ် လှူဒါန်းခဲ့ကြောင်း၊ ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလသုံးလပတ်လုံး အေးချမ်းစွာ တရားအားထုတ်ကျင့်ကြံ ပွားများနိုင်ရန်၊ မြတ်စွာဘုရား၏ တရားဒေသနာတော်များအား ဟောကြားပြသနိုင်ရန်၊ ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ လှူဒါန်းရခြင်းဖြစ်ပါကြောင်း လျှောက်တင်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် (၃)လစာ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများနှင့် ဝတ္ထုငွေများ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၁,၀၈၄,၁၀၀/- ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ရွှေကုက္ကားကျောင်းတိုက်ဆရာတော်မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း နှင့်ပတ်သက်၍ အနုမောဒနာတရားဟောကြားခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ပြီး တက်ရောက်သူများက သာဓု သုံးကြိမ်ရွတ်ဆိုခဲ့ကြပြီး သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
![](https://www.mol.gov.mm/wp-content/uploads/2024/07/2-4-4000x2667.jpg)