အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                            ဖေဖော်ဝါရီ ၁၅

အလုပ်သမားဝန်ကြီးဌာန၏ ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဝန်ထမ်းများ ပျော်ရွှင်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းရေးဟူသော ရည်ရွယ်ချက်များဖြင့် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ယာဉ်ရပ်နားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

          အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်း အတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်း များ တက်ရောက်ခဲ့ကြသည်။

          ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသည် ၁၂ လရာသီ ပွဲတော်များ၌ စုပေါင်း အင်အားဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရသည့် ထူးခြားသော ရိုးရာပွဲ တစ်ခုဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုဖြင့် ဆောင်ရွက်ပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် စည်းစည်းလုံးလုံး တက်တက်ကြွကြွ ယှဉ်ပြိုင်သွားကြရန် မှာကြားခဲ့သည်။

ထမနဲထိုးပြိုင်ပွဲတွင် ဝန်ကြီးဌာနရှိ ဝန်ကြီးရုံး၊ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ပြိုင်ပွဲဝင် အသင်း (၇)သင်းတို့မှ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာအတိုင်း အမှတ်ပေးသတ်မှတ်များနှင့်အညီ အားကြိုးမာန်တက် ယှဉ်ပြိုင်ခဲ့ကြပြီး ဝန်ထမ်းများ ကလည်း အိုးစည်၊ ဒိုးပတ်များဖြင့် တီးမှုတ်ကခုန် ၍ ပျော်ရွှင်စွာ အားပေးခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို ဆုများချီးမြှင့်ခဲ့သည်။