နေပြည်တော် နိုဝင်ဘာလ ၁၅
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အလုပ်ရုံ စစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာ စကားပြောကြားသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စစ်ဆေးရေးအရာရှိများအနေ ဖြင့် (၇) ရက်တာ ဖွင့်လှစ်ပို့ချသည့်သင်တန်းမှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး နှင့်ပတ်သက်၍ ဆက်စပ်ဝန်ကြီးဌာနများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ အသိအမြင်၊ ဗဟုသုတများရရှိခဲ့ပြီး ရရှိလာသည့် အသိပညာများကို ရပ်တန့်မထားဘဲ စဉ်ဆက်မပြတ် လေ့လာသင်ကြားရန်လိုကြောင်း၊
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသည် နိုင်ငံသားများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေဆောင်ရွက်ရသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အားနည်းမှုများကြောင့် အလုပ် သမားများ ထိခိုက်ဒဏ်ရာရရှိခြင်း၊ အသက်သေဆုံးခြင်းတို့ဖြစ်ပွားပြီး လူမှုစီးပွားဘဝထိခိုက်ခြင်း၊ လုပ်ငန်းပိုင်ရှင်များအနေဖြင့် ဆေးကုသစရိတ်နှင့် လျော်ကြေးငွေပေးအပ်ရခြင်း၊ ကျွမ်းကျင်လုပ်သား ဆုံးရှုံးခြင်း၊ ကုန်ထုတ်လုပ်မှုကျဆင်းခြင်းတို့ကို ဖြစ်ပေါ်စေကြောင်း၊ နိုင်ငံတော်အနေဖြင့် လူ့စွမ်း အားအရင်းအမြစ်များဆုံးရှုံးခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးခြင်းတို့ကို ဖြစ်ပေါ်စေကြောင်း၊
စစ်ဆေးရေးအရာရှိများအနေဖြင့် စစ်ဆေးရေးသွားရောက်ရာတွင် လုပ်ငန်းခွင်တွင် ဖြစ်ပေါ် နိုင်သည့် ဘေးအန္တရာယ်များကို ရှာဖွေဖော်ထုတ်ပြီး ထိရောက်သည့်ညွှန်ကြားချက်များ ထုတ်ပြန် ခြင်း၊ အလုပ်ရှင်၊ အလုပ်သမားများအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပို့ချပေးခြင်း၊ လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေ တိုင်းတာ အကဲဖြတ်ခြင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် အသိအမြင်တွေ ဆွေးနွေးဖလှယ်၍ လိုအပ်သည့်အကြံဉာဏ်များ ထောက်ပံ့ပေးခြင်း စသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေခြင်းဖြင့် လုပ်ငန်းခွင်ထိခိုက်မှုမဖြစ်ပွားစေရန် ကြိုတင်တားဆီး ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ စစ်ဆေးရေး အရာရှိများအနေဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊
စစ်ဆေးရေးအရာရှိများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေကိုလေးစားလိုက်နာ၍ ကျင့်ဝတ်စောင့်ထိန်းခြင်း၊ စစ်ဆေးခြင်းနှင့် စည်းကြပ်ခြင်းမူဝါဒဆိုင်ရာ ရှင်းလင်းမှုရှိခြင်း၊ ရိုးသား ဖြောင့်မတ်ခြင်း၊ ယဉ်ကျေးမှုနှင့် လေးစားမှုရှိခြင်း၊ လုံ့လဝီရိယရှိ၍ စွမ်းရည်ထက်မြက်ခြင်း၊ လျှို့ဝှက်မှုရှိခြင်း၊ တာဝန်ခံမှုနှင့် တာဝန်ယူမှုရှိခြင်း၊ ဓမ္မဓိဋ္ဌာန်ကျ၍ ဘက်လိုက်မှုမရှိဘဲ မျှတမှု ရှိခြင်း၊ ဥပဒေပါအခွင့်အရေးများကို အပြည့်အဝလွှမ်းခြုံပေးနိုင်ရန် လူမှုရေးရာအပြန်အလှန် တွေ့ဆုံခြင်းစသည့် အခြေခံအချက်များကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊
အလုပ်သမားရေးရာစစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံရေးအရဖြစ်စေ၊ ငွေကြေးအရဖြစ်စေ ပြင်ပမှ ဩဇာလွှမ်းမိုးမှုနှင့် မှီခိုနေရမှုမရှိဘဲ ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာမှ သိရှိလာသည့် ပြုလုပ်မှုလုပ်ငန်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို တရားရုံးတွင် သက်သေခံသည်မှအပ မည်သူ့ကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မပြုရန်ဆိုသည့်အချက်ကို လိုက်နာရန်လိုကြောင်း၊
ယခုသင်တန်းတွင် နယ်မြေဒေသအသီးသီးမှ စစ်ဆေးရေးအရာရှိများ In-person တွေ့ဆုံ ကြပြီး ပိုမိုရင်းနှီးမှုရရှိသည့်အတွက် နောင်တွင် မိမိတို့၏ အတွေ့အကြုံများ၊ အခက်အခဲများကို အချင်းချင်းဆွေးနွေးဖလှယ်နိုင်ကြောင်း၊ တိုးတက်ပြောင်းလဲနေသည့် ခေတ်ကာလအခြေအနေနှင့် အညီ နည်းပညာအသစ်များကြောင့် ဖြစ်ပေါ်လာမည့် လုပ်ငန်းခွင်ဘေးအန္တရာယ်များ၊ ကြိုတင် ကာကွယ်ရေးနည်းလမ်းများကို မျက်ခြေမပြတ် လေ့လာနေရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် အဆင့်မြှင့်တင်နိုင်ရန် ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ထူးချွန်ဆုရ သင်တန်းသူ/ သင်တန်းသားများအား ပထမ၊ ဒုတိယဆုများနှင့် သင်တန်းတက်ရောက်ပြီးစီးမှု အသိအမှတ်ပြုလက်မှတ်များကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် အမြဲတမ်းအတွင်းဝန်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
သင်တန်းကာလအတွင်း စစ်ဆေးရေးအရာရှိများအား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးဆိုင်ရာဘာသာရပ်များကို စာတွေ့သင်ကြားပို့ချရုံသာမက လုပ်ငန်းခွင်သို့ ကွင်းဆင်းစစ်ဆေးခြင်း၊ သင်ထောက်ကူပြုပစ္စည်းများဖြစ်သည့် လုပ်ငန်းခွင်ပတ်ဝန်းကျင် တိုင်းတာ ရေးကိရိယာများဖြင့် တိုင်းတာအကဲဖြတ်ခြင်း (Working Environment Measurement) တို့ကို လက်တွေ့ဆောင်ရွက်စေခဲ့ကြောင်း သိရှိရပါသည်။
