နေပြည်တော်                                                                          ဖေဖော်ဝါရီ ၁၃

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားပဒေစစ်ဆေးရေးဆိုင်ရာ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ် (၅၁)၊ အလုပ်သမားဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ကျင်းပရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် တည်ဆောက်ရာတွင် အဓိကကျသော လူ့စွမ်းအားအရင်းအမြစ်များကို စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိနိုင်ရေး၊ အလုပ်သမား ဈေးကွက် ဖွံ့ဖြိုးတိုးတက်ခိုင်မာလာစေရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များအတွက် စည်းကြပ်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လူမှုဖူလုံရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အလုပ်ရှင်နှင့် အလုပ်သမားအကြား အငြင်းပွားမှုများ လျော့နည်းပပျောက်ရေးတို့ကို ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ နိုင်ငံတော်၏ တိုးတက် ပြောင်းလဲဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် လိုက်လျော ညီထွေစွာဖြင့် မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

တက်ရောက်လာကြသော အရာထမ်း၊ အမှုထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဘဝကို မြတ်နိုး၍ မိမိတို့ဆန္ဒအလျောက် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခဲ့ကြသူများဖြစ်ပြီး ပေးအပ်လာသော တာဝန်များကို ထိရောက်မှန်ကန်မြန်ဆန်စွာ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ဆောင်ရွက် ခြင်း၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိခြင်း၊ ယုံကြည်ထိုက်အောင် ရိုးသားဖြောင့် မှန်ခြင်း၊ ပညာရပ် ဆိုင်ရာ တတ်မြောက်ကျွမ်းကျင်မှုနှင့် ထူးချွန်ပြောင်မြောက်ခြင်း၊ ပူးပေါင်း ညှိနှိုင်းဆောင်ရွက် တတ်ခြင်း၊ တရားမျှတခြင်း၊ ဘက်လိုက်မှုကင်းရှင်းခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်းစသည့် နိုင်ငံ့ဝန်ထမ်းများ၏ စံတန်ဖိုးနှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်ကြ ရန်ဖြစ်ကြောင်း။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များအား မှန်မှန်ကန်ကန်၊ ပြည့်ပြည့်ဝဝရရှိစေရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းပြီး လုပ်ငန်းခွင် မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှု လျော့နည်းကျဆင်းသည်နှင့်အမျှ ကုန်ထုတ်စွမ်းအား မြင့်မားစေရေးအတွက်လည်း များစွာအထောက်အကူဖြစ်စေနိုင်ပါကြောင်း၊ စစ်ဆေးရေးကိစ္စရပ်များအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရ မြေပြင်တွင် ကွင်းဆင်းစစ်ဆေးခြင်း၊ မြေပြင်သို့ သွားရောက်၍ မစစ်ဆေးနိုင်သည့် နယ်မြေများကို Online ဖြင့် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဌာနမှ စည်းကြပ်နေသည့် ဥပဒေ၊ နည်းဥပဒေများကို အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် သဘောပေါက်နားလည်စေရန် အသိပညာပေးဆွေးနွေးပွဲများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်ရှင်များမှ အလုပ်သမားရေးရာ ဥပဒေများကို ပိုမိုနားလည်သဘောပေါက်ပြီး မိမိတို့၏ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများတွင် လက်တွေ့ကျင့်သုံး ဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင် များကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း။

အရာထမ်း၊ အမှုထမ်းများအနေဖြင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေ၍ ပေးအပ် သည့် လုပ်ငန်းတာဝန်များကို အထက်အကြီးအကဲများမှ ကွပ်ကဲမှုအနည်းဆုံးဖြင့် ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင် ဆောင်ရွက်ရာတွင် ဘက်လိုက်ခြင်းမရှိဘဲ အလုပ်ရှင်၊ အလုပ်သမားများ၏ ယုံကြည်ကိုးစားမှုရယူပြီး ဦးစီးဌာန၊ ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာမြင့်မားစေရေး အလေးထားဆောင်ရွက်ပေးရန် ပြောကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြများ တက်ရောက်ကြပြီး သင်တန်းကို Hybrid System ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ သင်တန်းသားအရာထမ်း၊ အမှုထမ်းစုစုပေါင်း (၅၃) ဦးဖြင့် ၁၃-၂-၂၀၂၃ ရက်နေ့မှ ၂၄-၂-၂၀၂၃ ရက်နေ့အထိ (၁၀) ရက် ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း သိရှိရပါသည်။