အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                           ဖေဖော်ဝါရီ ၂၆

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အလုပ် သမားဥပဒေစစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကားပြောကြားသည်။

          ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် သင်တန်းတက်ရောက်ခဲ့သည့် စစ်ဆေးရေးအရာရှိများအနေဖြင့် စစ်ဆေးရေးသွားရောက်ရာတွင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင် များ၌ အလုပ်သမားရေးရာ စံနှုန်းများ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စံနှုန်းသတ်မှတ်ချက်များ ကိုက်ညီမှုရှိ/မရှိ စစ်ဆေးစည်းကြပ်၍ အလုပ်သမားများအား အကာအကွယ် ပေးရန်၊ အလုပ်ရှင် နှင့် အလုပ်သမားများအား အသိပညာပေးခြင်း၊ နည်းစနစ်ပိုင်းဆိုင်ရာ သတင်းအချက်အလက်များနှင့် ဥပဒေကြောင်းအရ အကြံဉာဏ်ပေးခြင်းတို့ ဆောင်ရွက်နိုင်ရန်နှင့် မိမိလုပ်ငန်းအပေါ် နိုင်ငံရေးအရဖြစ်စေ၊ ငွေကြေးအရ ဖြစ်စေ၊ ပြင်ပမှသြဇာလွှမ်းမိုးမှုများအား မှီခိုနေရမှုမရှိဘဲ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊

            ယခုသင်တန်းတက်ရောက်သည့် အရာထမ်းများသည် နောင်တစ်ချိန်တွင် ဌာနအား ဦးဆောင်ရမည့်သူများဖြစ်သည့် အတွက် သင်တန်းမှအလေ့အကျင့်ကောင်း၊ အတွေ့အကြုံ ကောင်းများအား နမူနာယူပြီး ပြန်လည်အသုံးချရန်လိုအပ်ကြောင်း၊ တိုးတက်ပြောင်းလဲနေသည့် ခေတ်ကာလအခြေအနေနှင့်အညီ ရှိရင်းဥပဒေများမှ ပြည့်စုံမှုမရှိသေးသော ဥပဒေ၏ချို့ယွင်း ချက်များ၊ ယိုပေါက်များကို အဆင့်ဆင့်သိရှိအောင် လေ့လာရမည့်အပြင် အသစ်ထွက်ရှိလာသော ဥပဒေများအား မိမိတို့ အလုပ်သမားဥပဒေများနှင့် ဆက်နွယ်မှုရှိမရှိ မျက်ခြေမပြတ်လေ့လာ နေရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။

          ဆက်လက်၍ အရာထမ်းများအနေဖြင့် ပေါင်းသင့်သောသူအားပေါင်း၊ ပြောသင့်သည်ကို ပြော၊ လုပ်သင့်တာကိုလုပ်၊ သွားသင့်သောနေရာကို သွားရန်လိုကြောင်း၊ လုပ်ငန်းနှင့်ပတ်သက်၍ လေ့လာ၊ လေ့ကျင့်၊ လိုက်နာကြရန်လိုကြောင်း၊ တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်များ မွေးမြူကြရန်လိုကြောင်းနှင့် မိမိအပါအဝင် ပတ်ဝန်းကျင်ကို ဗလငါးတန် နှင့်ပြည့်စုံအောင် ဖန်တီးကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများမှ သင်တန်းထူးချွန်ဆုများနှင့် သင်တန်း တက်ရောက်ပြီးစီးမှု အသိအမှတ်ပြုလက်မှတ် ဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။