နေပြည်တော် ဖေဖော်ဝါရီလ ၁၉
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဉပဒေစစ်ဆေးရေးဦးစီးဌာန၏ အလုပ်သမား ဥပဒေစစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် သင်တန်း သည် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်၊ မြို့နယ်ရုံးများမှ အရာထမ်းများအတွက် In House Training System ဖြင့် ဖွင့်လှစ်ပို့ချသည့် အလုပ်သမားဥပဒေစစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်းဖြစ်ပြီး စစ်ဆေးရေး အရာရှိများအနေဖြင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိစေရန် စစ်ဆေးရေးနည်းလမ်း များနှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များ၊ ဦးစီးဌာနမှ စစ်ဆေးစည်းကြပ်သည့် ဥပဒေ၊ နည်းဥပဒေများပါ ရပိုင်ခွင့်များဆိုင်ရာ ကိစ္စရပ်များကို စာတွေ့၊ လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း၊
ယခုသင်တန်းတွင် ဦးစီးဌာနမှ စစ်ဆေးစည်းကြပ်သည့် ဥပဒေ၊ နည်းဥပဒေများမှ အလုပ် သမားရေးရာ ရပိုင်ခွင့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများ၊ CMP လုပ်ငန်းဆောင်ရွက်မှုများ၊ မိတ်ဖက်ဦးစီးဌာနများမှ စစ်ဆေးစည်းကြပ် သည့် ဥပဒေ၊ နည်းဥပဒေများအပြင် သင်တန်းသားများအား အုပ်စုဖွဲ့၍ ဥပဒေဆိုင်ရာ Presentation ပြုလုပ်ခြင်းနှင့် သင်တန်းသားများအားအုပ်စုဖွဲ့၍ ဥပဒေဆိုင်ရာ စကားဝိုင်းဆွေးနွေးခြင်း (Panel Discussion) စသည့် အချိန်များ ထည့်သွင်းရေးဆွဲထားခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ လက်တွေ့ ကွင်းဆင်းစစ်ဆေးခြင်း အစီအစဉ်များ ထည့်သွင်းထားကြောင်း၊
သင်တန်းသားများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအရ နိုင်ငံ့ဝန်ထမ်း အရာထမ်းများဖြစ်သလို အလုပ်သမားရေးရာ စစ်ဆေးခြင်းတွင် အဓိကဆောင်ရွက်ရသည့် စစ်ဆေးရေးအရာရှိများဖြစ်သည့်အတွက်ကြောင့် ဝန်ထမ်းတိုင်းရှိရမည့် စိတ်ဓာတ်ကောင်းမွန်ခြင်း၊ စည်းကမ်းရှိခြင်း၊ သစ္စာစောင့်သိခြင်း၊ စည်းလုံးညီညွှတ်ခြင်းနှင့် စွမ်းရည်ရှိခြင်းဆိုသည့် အရည်အချင်း (၅) ပါးအပြင် စစ်ဆေးရေးအရာရှိများ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များဖြစ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုရှိခြင်း၊ ရိုးသားမှုနဲ့ တည်ကြည်ဖြောင့်မတ်မှုရှိခြင်း၊ ယဉ်ကျေးမှုနှင့် လေးစားမှုရှိခြင်း၊ ဓမ္မဓိဋ္ဌာန်ကျမှု၊ ဘက်မလိုက်မှုနှင့် တရားမျှတမှုရှိခြင်း၊ စူးစိုက်လုပ်ကိုင်ခြင်းဆိုသည့် ကျင့်ဝတ်များ နှင့်အညီ လိုက်နာဆောင်ရွက်ဖို့ များစွာလိုအပ်ကြောင်း၊
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန အနေဖြင့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှုရှိစေရန် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် (Institutional Capacity)၊ တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် (Individual Capacity) ကို တည်ဆောက်နေရဆဲကာလ ဖြစ်သည်နှင့်အညီ ဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန် ယခုလို ဘာသာရပ်ဆိုင်ရာ အထူးပြုသည့် မွမ်းမံသင်တန်းကို ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းတွင် ပို့ချ သည့် အကြောင်းအရာများကို လေ့လာမှတ်သားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးချသွား ရန်နှင့် ဦးစီးဌာနမှ စစ်ဆေးစည်းကြပ်နေသည့် အလုပ်သမားဥပဒေ၊ နည်းဥပဒေများကိုလည်း လေ့လာကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်းတက်ရောက်သူများအား ရင်းနှီးစွာတွေ့ဆုံ နှုတ်ဆက်၍ သင်တန်းအထောက်အကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ တက်ရောက်ကြပြီး သင်တန်းကို In House Training System ဖြင့် စစ်ဆေးရေးတာဝန်ထမ်းဆောင်နေသည့် အရာထမ်း (၃၅) ဦးအား သင်တန်းကာလ ၇ ရက်ဖြင့် အလုပ်သမားဥပဒေစစ်ဆေးရေးနည်းလမ်းများနှင့် စစ်ဆေး ရေးလုပ်ငန်းစဉ်များ၊ ဦးစီးဌာနမှ စစ်ဆေးစည်းကြပ်သည့် ဥပဒေ၊ နည်းဥပဒေများပါ ရပိုင်ခွင့် ကိစ္စရပ်များ၊ တရားစွဲဆို အရေးယူဆောင်ရွက်မှုများ၊ အခွန်အမှုဖြေရှင်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
