နေပြည်တော် မေ ၉
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားဆက်ဆံရေးဆိုင်ရာ တာဝန်ခံအရာထမ်းများ၏ လုပ်ငန်းခွင်စွမ်းဆောင်ရည် မြှင့်တင် သည့် သင်တန်းဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ်(၅၁)၊ အလုပ်သမားဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပ သည်။
ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယ ဝန်ကြီး ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ အရာထမ်း (၅၀)ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်ရုံးခွဲများမှ Online ဖြင့် တက်ရောက်သူအရာထမ်း (၅၂)ဦး အပါအဝင် စုစုပေါင်း (၁၀၂) ဦး တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် အလုပ်သမားရေးရာအငြင်း ပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေအား သုံးသပ်နိုင်ရန်အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တာဝန်ခံအရာထမ်းများမှ တင်ပြလာသော အားသာချက်၊ အားနည်းချက်၊ အခက်အခဲနှင့် စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၏ အရာထမ်းများနှင့် တာဝန်ခံအရာထမ်းများမှ အချင်းချင်းဆွေးနွေးဖလှယ် ခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားအကြား ဖြစ်ပွားသော အငြင်းပွားမှုများကို အလုပ်သမားရေးရာ အငြင်း ပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ ဖြေရှင်းဆောင်ရွက် ပေးနိုင်မည်ဖြစ်ပြီး တာဝန်ခံ အရာထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာစေမည်ဖြစ် ကြောင်း၊ အရာထမ်းများအနေဖြင့် ဦးစီးဌာနများမှ စည်းကြပ်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ကောင်းမွန် ကျေညက်စွာ သိရှိမှသာ အလုပ်သမားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အလုပ်သမားဥပဒေပါ အကျိုး ခံစားခွင့်များ မှန်ကန်စွာနှင့် မြန်ဆန်စွာ ရရှိရေးဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ယခု ကာလသည် ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်းသော ဖြေလျှော့မှုများ ဆောင်ရွက်နေပြီဖြစ်၍ အလုပ်သမား ရေးရာဥပဒေများ နှင့်ပတ်သက်၍ ဥပဒေ အသိပညာပေး ဆွေနွေးပွဲများကို ပိုမိုကျယ်ပြန့်စွာ ပြုလုပ် သွားကြရန် တိုက်တွန်းလိုကြောင်း၊တာဝန်ခံ အရာထမ်း များအနေဖြင့် မိမိတို့၏လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ကျင့်သုံး၍ အလုပ်သမားများ၏ ဥပဒေပါ ရပိုင်ခွင့်များကို မှန်မှန်နှင့် အပြည့်အဝ ခံစားရရှိစေရေး ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုကြောင်း၊ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ အောက်ခြေအဆင့်တွင် အမှုများ ပြီးပြတ်မှု ရှိစေရေးအတွက် အလုပ်သမား ရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဖြင့် ညှိနှိုင်း ဖျန်ဖြေရာတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ လိုလားချက်များအပေါ် နှစ်ဖက်ပြေငြိမ်းမှု ရရှိစေရေး အတတ်နိုင်ဆုံး ဖျန်ဖြေရေးအရာထမ်း၏ ညှိနှိုင်းဖျန်ဖြေမှုစွမ်းရည် ပြည့်ဝစွာဖြင့် ဖျန်ဖြေညှိနှိုင်းပေးခြင်း၊ အငြင်းပွားမှုအဖြစ် မရောက်ရှိစေရေး အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) တွင် ဆွေးနွေးညှိနှိုင်းမှု ပိုမိုဆောင်ရွက်စေခြင်းနှင့် WCC တိုးမြှင့် ဖွဲ့စည်းနိုင်ရေး အလေးထားတွန်းအားပေး လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။