နေပြည်တော် ဒီဇင်ဘာ ၁၃
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့နေ့လယ်ပိုင်းတွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ဝန်ကြီးဌာနမှ ဝန်ထမ်း များ၏ သတင်းအတတ်ပညာဆိုင်ရာ အခြေခံရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ သည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ General Life News Agency မှ သင်တန်းတာဝန်ခံများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရနှင့် ပြည်သူ့တို့ အကြား ပေါင်းကူးဆက်သွယ်ပေးလျက်ရှိသည့် ပုဂ္ဂလိကမီဒီယာများနှင့် ချိတ်ဆက်ပူးပေါင်းဆောင် ရွက်ခြင်းသည် မဏ္ဍိုင် (၃)ရပ်နှင့် စတုတ္ထမဏ္ဍိုင်ဟု အသိအမှတ်ပြုထားသော သတင်းမီဒီယာ ကဏ္ဍလည်း အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်ပါကြောင်း၊
အလုပ်သမားဝန်ကြီးဌာနနှင့်သက်ဆိုင်သည့် နိုင်ငံတော်နှင့် ပြည်သူ့အတွက် အကျိုးရှိသည့် မှန်ကန်သောသတင်းများအား ထုတ်ပြန်ဆောင်ရွက်နိုင်ရေး၊ သတင်းအချက်အလက်များ စုစည်း ထုတ်ပြန်ရာတွင် နိုင်ငံတော်မူဝါဒများနှင့်အညီ စိစစ်သုံးသပ်ပြီး အရေးကြီးသည့် သတင်းအချက် အလက်များအား ပါရှိမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ပြည်သူများ သိသင့်သိထိုက်သည့် သတင်းနှင့်အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက်ရန်နှင့် အလုပ်သမား ရေးရာကိစ္စများနှင့်ပတ်သက်၍ သတင်းတုသတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေမှုများအား ဝန်ကြီးဌာနအနေဖြင့် သတင်းအမှန်များအားလည်း အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊
သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ရှေးရှု၍ တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များနှင့် အညီ ကျင့်ကြံနေထိုင်ရန်နှင့် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ အောင်မြင် စေရန် မိမိတို့ကျရာတာဝန်ကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်၍ မိမိတို့ ပါဝင်လုပ်ဆောင်ရသည့် ဌာန၏ အဓိကလုပ်ငန်းတာဝန်များကို စိတ်စေတနာကောင်းများဖြင့် ကျေကျေပွန်ပွန် ထမ်းဆောင်သွားရန် လိုအပ်ပါကြောင်း၊
သတင်းအတတ်ပညာဆိုင်ရာ ဘာသာရပ်အား သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စိတ်ပါဝင်စားစွာ ကြိုးကြိုးစားစား သင်ယူကြရန် နှင့် သင်တန်းတွင်ပို့ချမည့် ဘာသာရပ်ဆိုင်ရာ အသိပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် ကျင့်သုံးပြီး စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်း ဖြင့် မိမိ၏စွမ်းရည်နှင့် ကျွမ်းကျင်မှုများကို မြှင့်တင်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် General Life News Agency မှ သင်တန်းတာဝန်ခံများ၊ သင်တန်းသား၊ သင်တန်းသူတို့အား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ်ထုတ်ပေးရေး စခန်း များတွင် သွားရောက်တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများ လုပ်ငန်းခွင်အကြိုသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အလုပ်သမားများအား ဥပဒေနှင့်အညီ work permit နှင့် ဗီဇာရရှိစေရန်နှင့် တရားဝင်အလုပ် သမားများ၏ အခွင့်အရေးများ ရရှိခံစားနိုင်စေရေး မြန်မာနိုင်ငံသို့ ပြန်ရန်မလိုဘဲ ထိုင်းနိုင်ငံ အတွင်း၌ အထောက်အထားရရှိစေရေး ဆောင်ရွက်ပေးမှာဖြစ်သည့်အတွက် ကုန်ကျစရိတ်နှင့် အချိန်ကုန်သက်သာစေရန် CI စာအုပ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်အား ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း၊
ထိုင်းနိုင်ငံရှိ အလုပ်သမားအများစုသည် တရားမဝင်ငွေလွှဲပို့ခြင်း (ဟွန်ဒီ)ဖြင့် ငွေလွှဲပို့လျက် ရှိသဖြင့် တရားဝင်လမ်းကြောင်း အသုံးပြုပြီး မှန်ကန်သောနည်းလမ်းဖြင့် ငွေလွှဲပို့ရန်အချက်သည် အရေးကြီးသည့် အချက်ဖြစ်သဖြင့် အလုပ်သမားများမှ မိသားစုများထံသို့ တရားဝင်ဘဏ် စနစ်ဖြင့် လွှဲပို့နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် ထိုင်းနိုင်ငံတွင် ရောက်ရှိလုပ်ကိုင်နေ သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ပေးရန် သွားရောက်ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ လမ်းညွှန်မှု၊ အလုပ်သမားသံအရာရှိ၏ ကြီးကြပ်မှုများဖြင့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့်လည်း အချင်းချင်း စည်းလုံးညီညွှတ်စွာဖြင့် ဝန်ကြီးဌာန ခွဲခြားမှုမပြုလုပ်ဘဲ မြန်မာအလုပ်သမားများကို ကာကွယ်စောင့်ရှောက်ရေးအတွက် Team Work အဖြစ် စုစည်း၍ စည်းလုံးညီညွှတ်စွာ ဝိုင်းဝန်း ဆောင်ရွက်ပြီး အကောင်းဆုံးဝန်ဆောင်မှုပေးရန် ပြောကြားခဲ့သည်။
၅-၇-၂၀၂၃ ရက်နေ့ ထိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ ထိုင်းအလုပ်ရှင်များမှ အမည်စာရင်း တင်သွင်းထားသည့် မြန်မာအလုပ်သမား ၉ သိန်းခန့်ရှိပြီး အဆိုပါအလုပ်သမားများအား ထိုင်းနိုင်ငံ တွင် ဖွင့်လှစ်မည့် CI စခန်း(၅)ခုနှင့် Mobile Unit ၃ ခု ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အလုပ်သမား ဝန်ကြီးဌာနမှ စုစုပေါင်း အရာထမ်း၊ အမှုထမ်း ၄၀ ဦးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ၁၃ ဦးတို့ တာဝန်ထမ်းဆောင်နိုင်ရေး စေလွှတ်မည်ဖြစ်ကြောင်း သိရှိရပါသည်။