အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                       စက်တင်ဘာ ၁၉

          အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၂/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ရာ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်နောင်မှ တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။

          အဆိုပါ အစည်းအဝေးသို့ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရကိုယ်စားလှယ် များတက်ရောက်ကြပြီး အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Online ဖြင့် တက်ရောက်ခဲ့ကြသည်။       

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က လူမှုဖူလုံရေးစီမံကိန်းအပေါ် အလုပ်ရှင်၊ အလုပ်သမားများ အားကိုးယုံကြည်မှု ပိုမိုရရှိစေရန် နှင့် ပိုမိုကောင်းမွန်သည့် လူမှုရေးရလဒ်များ ပေါ်ထွန်းစေရန် မျှော်မှန်းကာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပါဝင်သည့် အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ကို ဖွဲ့စည်းပြီး သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်၍ အာမခံအလုပ်သမားများအတွက် ထိရောက်ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ အလွယ်တကူ လက်လှမ်းမီရယူနိုင်ရန်နှင့် လူမှုဖူလုံရေးအကျိုး ခံစားခွင့်များကို ဥပဒေနှင့်အညီ အမြန်ဆုံးပေးအပ်နိုင်ရန်တို့အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း

           အာမခံအလုပ်သမားများအား ပိုမိုထိရောက်ကောင်းမွန်ပြီး အလွယ်တကူ လက်လှမ်းမီ သည့် ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ရန်အတွက် Provider Purchaser Split (PPS) စနစ်အရ ပုဂ္ဂလိကဆေးခန်း၊ ဆေးရုံများနှင့် စာချုပ်ချုပ်ဆို၍ Capitation Payment ဖြင့် ဆေးခန်း (၁၀) ခန်း၊ Fee for Service Payment စနစ်တို့ဖြင့် ဆေးခန်း (၆၂) ခန်းတို့ကို ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိရာ အာမခံအလုပ်သမားလူနာများအား ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု များပေးနိုင်ခဲ့ပါကြောင်း၊

ထို့အပြင် မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှုအတွက် စာချုပ်ဆေးခန်း (၁၆) ခန်းအား တိုးချဲ့ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိပြီး မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့်များကို ပြန်လည် ပေးအမ်းလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဩဂုတ်လအထိ အာမခံအမျိုးသမီး အလုပ်သမား (၆,၁၅၅) ဦးအတွက် ငွေကျပ်သန်း(၃၃၂၈.၇၉၉)ကိုခွင့်ပြုထုတ်ပေးနိုင်ခဲ့ပြီး မြို့နယ်လူမှုဖူလုံရေး ရုံးများသို့ ဥပဒေအရတင်ပြလာသည့် အကျိုးခံစားခွင့် အမှုတွဲများ ကို အချိန်နှင့်တစ်ပြေးညီ ခွင့်ပြုထုတ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဩဂုတ်လအထိ ငွေကျပ်သန်းပေါင်း (၇,၂၁၀.၈၇၂) ကိုလည်း ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊

          အာမခံအလုပ်သမားများအတွက် ကျောက်ကပ်သန့်စင်ခြင်း ဆေးဖိုးပြန်အမ်းငွေအား ခေတ်ကာလနှင့်အညီတိုးမြှင့်သတ်မှတ်ပေးနိုင်ရေး၊ အူအတက်ခွဲစိတ်ခြင်းအတွက် ဆေးဖိုး ကုန်ကျ စရိတ်များအား ခွင့်ပြုပေးနိုင်‌ရေးနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြန်လည်ပေး အမ်းရာတွင် တိုးမြှင့်သတ်မှတ်ပေးနိုင်ရေးတို့အား ယခုအစည်းအဝေးတွင် အတည်ပြုဆုံးဖြတ် နိုင်ရေးအတွက် ပူးပေါင်း၍ ဆောင်ရွက် ပေးစေလိုပါကြောင်း၊

မြန်မာရွှေ့ပြောင်းအလုပ်သမားများပတ်သက်၍ မလေးရှားနိုင်ငံ၌ အလုပ်တွင်ထိခိုက် သေဆုံးသွားသူ မြန်မာအလုပ်သမား (၂၉)ဦးနှင့် အမြဲတမ်းမသန်စွမ်းဖြစ်သည့် မြန်မာ အလုပ်သမား (၂) ဦးတို့အတွက် မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO) မှ ကာလအပိုင်း အခြားအလိုက်ပေးအပ်သည့် အကျိုးခံစားခွင့် ငွေကျပ်သန်း ၇၃၀.၉၉၄ ၊ မလေးရှားရင်းဂစ် ၃၃,၆၁၆.၀၅ ကို မှီခိုသူမိသားစုနှင့် အလုပ်သမားများ၏ ဘဏ်စာရင်းမှတစ်ဆင့် ခံစားရရှိခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံးသွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (Social Security Organization) နှင့်လည်း အာမခံထားသူ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ မြန်မာနိုင်ငံသို့ လွှဲပို့နိုင်ရေး လူမှုဖူလုံရေး ဆိုင်ရာသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ယနေ့အစည်းအဝေး၌ ဆွေးနွေးတင်ပြချက်များအပေါ် တက်ရောက်လာကြသည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များက ကောင်းမွန်မှန်ကန်သည့်အကြံပြုချက်များ ဆွေးနွေးတင်ပြကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ယခင်(၁/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင် အထည်ဖော်ပြီးစီးမှုနှင့် ယခု(၂/၂၀၂၄) အစည်းအဝေးတွင် ဆွေးနွေးမည့် လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဆုံးဖြတ်ရန်အမှာစာများကို ရှင်းလင်းတင်ပြပြီး အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အဖွဲ့ဝင် များက သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများ အတွက် ယခုထက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်စေရန်နှင့် လက်ရှိ အကျုံးဝင်လွှမ်းခြုံမှုမှသည် တစ်မျိုးသားလုံး အကျုံးဝင်လွှမ်းခြုံနိုင်သည့် စီမံကိန်းဖြစ်စေရန် အတွက် အခြားအိမ်နီးချင်းနိုင်ငံများတွင် ကျင့်သုံးနေသည့် လူမှုဖူလုံရေးစနစ်များနှင့် နှိုင်းယှဉ် လေ့လာသုံးသပ်မှုများပြုလုပ်ပြီး လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။