နေပြည်တော် မတ်လ ၄
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင်အကြို သင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အဖွင့်အမှာစကြားပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့သို့ အသစ် ဝင်ရောက်လာသည့် အငယ်တန်းစာရေး ဝန်ထမ်း(၆၈)ဦးနှင့် ယခင်ဖွင့်လှစ်ပေးခဲ့သည့် သင်တန်းတွင် တက်ရောက်ရန် ကျန်ရှိသည့် အငယ်တန်း စာရေး (၁၃)ဦး စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ (၈၁) ဦးတို့အတွက် ယခုသင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ လူမှုဖူလုံရေး အဖွဲ့ကို ဝင်ရောက်လာကြသည့် ဝန်ထမ်းသစ်များကို ကြိုဆိုပါကြောင်း၊ ယခုသင်တန်းများကို ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ လူမှုဖူလုံရေးအဖွဲ့သို့ ဝင်ရောက်ကြသည့် ဝန်ထမ်းသစ်များ အနေဖြင့် မသိမဖြစ်သိရမည့် ဌာန၏ မူဝါဒများ ၊ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များ၊ လက်ရှိကျင့်သုံးဆောင်ရွက်နေသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း များကို သိရှိနားလည်တတ်ကျွမ်းကြစေရန်ဖြစ်ကြောင်း၊
လူမှုဖူလုံရေးအဖွဲ့သည် နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းပြီး အာမခံအလုပ်သမားများ အတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှု ပေးနေသည့် ဌာနအဖွဲ့အစည်းတစ်ခုဖြစ်သည့် အတွက် လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက် ပြီး အလုပ်သမား ရေးရာဥပဒေများကို လေ့လာသိရှိရန်နှင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်စေရန် အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိသည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုခံစား ရရှိစေရန် လူမှုဖူလုံရေးအဖွဲ့၏ ဝန်ထမ်းများအနေဖြင့် အရည်အချင်း၊ အရည်အသွေး အစဉ်အမြဲပြည့်စုံနေအောင် ကြိုးစား အားထုတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
အငယ်တန်းစာရေး ဝန်ထမ်းသစ်များအနေဖြင့် နိုင်ငံတော်မှခန့်အပ်သည့် တရားဝင်နိုင်ငံ့ ဝန်ထမ်းများ ဖြစ်လာကြပြီ ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများပီပီ ပါတီနိုင်ငံရေးကင်းရှင်းကြရန်နှင့် ဝန်ထမ်းများ သိသင့်သိအပ်သည့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများ၊ ဝန်ထမ်းကျင့်ဝတ်များနှင့် သက်ဆိုင်ရာဌာနများမှ သတ်မှတ် ထားသည့် စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာရန် လိုအပ်ကြောင်း၊
နိုင်ငံတော်၏အကျိုး၊ အလုပ်သမားဝန်ကြီးဌာန၏ အကျိုးအတွက် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် အစဉ် ကြိုးစားလုပ်ကိုင်ပေးကြရန်နှင့် လူမှုဖူလုံရေးအဖွဲ့၏ မျှော်မှန်းချက်ဖြစ်သည့် လူမှုဖူလုံရေးစီမံကိန်းကို တမျိုးသားလုံး အကျုံး ဝင်သည့် စီမံကိန်းဖြစ်လာစေရေးနှင့် နိုင်ငံတကာအဆင့်မီသည့် လူမှုဖူလုံရေးစနစ်များကို အကောင်အထည်ဖော်နိုင်ရေး တို့အတွက် ဝန်ထမ်းများအနေဖြင့် မိမိတို့ကို ပေးအပ်လာသည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။