နေပြည်တော် ဖေဖော်ဝါရီ ၂၀
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၄)ကို ယနေ့နေ့လယ်တွင် အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ရာ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်နောင် တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရကိုယ်စားလှယ်များ တက်ရောက်ကြပြီး၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Online မှ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေရန် မဟာဗျူဟာရည်မှန်းချက် ချမှတ်၍ ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေကို ပြဋ္ဌာန်း၍ ၁-၁-၁၉၅၆ ရက်နေ့မှစ၍ အကောင်အထည် ဖော်ခဲ့ပြီး ခေတ်စနစ်နှင့်အညီ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်း၍ လူမှုဖူလုံရေး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ သက်တမ်းအားဖြင့် (၆၈)နှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ နိုင်ငံတော်၊ အလုပ်ရှင်နှင့် အလုပ်သမား တို့က စုပေါင်းအာမခံပြီး နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် လူမှုကာကွယ်စောင့်ရှောက်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း အားဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တစ်ထောင့် တစ်နေရာမှ အထောက်အကူပြုပေးနိုင်မှာဖြစ်ပါကြောင်း၊
လူမှုဖူလုံရေးစီမံကိန်းအပေါ် အလုပ်ရှင်၊ အလုပ်သမားများ အားကိုးယုံကြည်မှု ပိုမိုရရှိစေ ရန်နှင့် ပိုမိုကောင်းမွန်သည့် လူမှုရေးရလာဒ်များပေါ်ထွန်းစေရန် မျှော်မှန်းကာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပါဝင်သည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ကို ဖွဲ့စည်းပြီး သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်၍ အာမခံအလုပ်သမားများအတွက် ထိရောက်ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လူမှုဖူလုံရေးအကျိုးခံစားခွင့်များကို ဥပဒေနှင့်အညီ အမြန်ဆုံး ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိတွင် လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင် မြို့နယ်(၁၂၂)မြို့နယ်ရှိ အလုပ်ဌာနများမှ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမား (၁.၂၄) သန်း အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေး လျက်ရှိကြောင်း၊
လက်ရှိတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နိုင်ငံတကာလူမှုဖူလုံရေးအဖွဲ့ (International Social Security Association- ISSA)၊ အာဆီယံလူမှုဖူလုံရေးအသင်း (ASEAN Social Security Association-ASSA) တို့၌ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ပြီး နိုင်ငံတကာအဆင့်မီ ထိရောက်ကောင်းမွန် သည့် လူမှုဖူလုံရေးလုပ်ငန်းဆောင်ရွက်မှုများပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊
နိုင်ငံတကာမှ Globalization ဖြစ်စဉ်နှင့် 4th Industrial Revolution (4IR)တို့ကြောင့် အလုပ်အကိုင်အချို့ ကွယ်ပျောက်ပြီး အလုပ်အကိုင်အသစ်များ၊ ကျွမ်းကျင်မှုအသစ်များ၊ နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှု (Technology innovation) များဖြစ်ပေါ်လျက်ရှိရာ အလုပ် အကိုင်ပုံစံ အမျိုးမျိုးလုပ်ကိုင်သည့် အလုပ်သမားများအတွက် လူမှုဖူလုံရေးစီမံကိန်းအရ လူမှုကာကွယ်စောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် IT စနစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်ရန် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း၊
အာမခံအလုပ်သမားများအား ပိုမိုထိရောက်ကောင်းမွန်ပြီး အလွယ်တကူ လက်လှမ်းမီ သည့် ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ရန်အတွက် နိုင်ငံတကာ၌ လူမှုကျန်းမာရေး အာမခံစနစ် (Social Health Insurance) အရ ဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များကို လေ့လာကာ Provider Purchaser Split (PPS) စနစ်အရ ပုဂ္ဂလိက ဆေးခန်း၊ ဆေးရုံများနှင့် စာချုပ်ချုပ်ဆို၍ Capitation Payment ဖြင့် ဆေးခန်း (၂၁) ခန်း၊ Fee for Service Payment ဖြင့် ဆေးခန်း (၄၀)ခန်းတို့ကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ လူမှုဖူလုံရေးအဖွဲ့မှ အာမခံအလုပ်သမားလူနာ (၂.၈၁) သန်းကျော်အား ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ပါကြောင်း၊
ထို့အပြင် လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင်အာမခံအလုပ်သမားဦးရေ၏ ၅၀% ကျော်ခန့် သည် အမျိုးသမီးအာမခံအလုပ်သမားများဖြစ်သည့်အတွက် အမျိုးသမီးများ၏ ဘဝတစ်သက်တာ အတွင်း တွေ့ကြုံရသည့် အရေးကြီးကိစ္စဖြစ်သော မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှု အကျိုးခံစားခွင့် များကို ခွင့်ပြုပေးနိုင်ရန် ဆေးဘိုးပြန်အမ်းမှုဆိုင်ရာညွှန်ကြားချက်များ ထုတ်ပြန်၍ ဆေးဖိုး ကုန်ကျမှုများ ပြန်လည်ပေးအမ်းလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ အာမခံအမျိုးသမီးအလုပ်သမား (၁၇,၄၁၃) ဦးအတွက် ငွေကျပ်သန်း (၂,၁၈၆.၆၄၉) ကို ခွင့်ပြု ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည့်အပြင် မြို့နယ်လူမှုဖူလုံရေးရုံးများသို့ ဥပဒေအရ အာမခံအလုပ်သမား များက တင်ပြလာသည့် အကျိုးခံစားခွင့်အမှုတွဲများကို အချိန်နှင့်တစ်ပြေးညီ ခွင့်ပြုထုတ်ပေး လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ ငွေကျပ်သန်းပေါင်း (၆၂,၅၉၄.၅၃၁) ကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊
လူမှုဖူလုံရေးအဖွဲ့မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုကာကွယ်စောင့်ရှောက်မှု များနှင့်စပ်လျဉ်း၍ မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO) နှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ MOC လက်မှတ်ရေးထိုးပြီး မလေးရှားနိုင်ငံရောက် အာမခံထားသူ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်ငန်းခွင်ထိခိုက်မှုဆိုင်ရာ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ မှန်ကန်မြန်ဆန်စွာရရှိစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာရွှေ့ပြောင်း အလုပ် သမားအများဆုံး သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (Social Security Organization) နှင့် အာမခံထားသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ အပြည့်အဝရရှိစေရန်အတွက် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊
လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ယနေ့အစည်းအဝေး၌ ဆွေးနွေးတင်ပြချက်များအပေါ် တက်ရောက်လာကြသည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များက ကောင်းမွန်သည့်အကြံဉာဏ်နှင့် အတွေ့အကြုံ ကောင်းများကို မျှဝေပေးပြီး Constructive ဖြစ်သည့် ဆွေးနွေးသုံးသပ်အကြံပြုချက်များ ပေးကြ ရန် ပြောကြားခဲ့သည်။
ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ယခင် (၁/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ပြီးစီးမှုနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ဆုံးဖြတ်ရန် အမှာစာများကို ရှင်းလင်းတင်ပြပြီး အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အဖွဲ့ဝင်များက သုံးသပ် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများ အတွက် ယခုထက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်စေရန်နှင့် လက်ရှိ အကျုံးဝင်လွှမ်းခြုံမှုမှသည် တစ်မျိုးသားလုံး အကျုံးဝင်လွှမ်းခြုံနိုင်သည့် စီမံကိန်းဖြစ်စေရန် အတွက် အခြားအိမ်နီးချင်းနိုင်ငံများတွင် ကျင့်သုံးနေသည့် လူမှုဖူလုံရေးစနစ်များနှင့် နှိုင်းယှဉ် လေ့လာသုံးသပ်မှုများပြုလုပ်ပြီး လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။