အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                        ဖေဖော်ဝါရီ ၂၁

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)၊ စုဝေးခန်းမတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ၂၁-၂-၂၀၂၂ ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်း အတွင်းဝန် ဦးညွန်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့၏  ဘာသာရပ်များ၊ ဥပဒေ၊ နည်းဥပဒေနှင့် ရုံးလုပ်ငန်းများကို ကောင်းစွာသိရှိနားလည်ပြီး ပေးအပ်လာသည့် လုပ်ငန်း တာဝန်များကို စနစ်တကျ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ဝန်ထမ်းများ အရည်အချင်းပြည့်ဝ၍ စွမ်းဆောင်ရည် ပိုမိုတိုးတက်ပြီး ရုံးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် စည်းစနစ်တကျရှိစေရန်နှင့် ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လိုက်နာကျင့်သုံးနိုင်ရန် လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းကို ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊

သင်တန်းတွင် လူမှုဖူလုံရေးအဖွဲ့ ဥပဒေ၊ နည်းဥပဒေ၊ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများကို ထိရောက်စွာ အသုံးချလုပ်ကိုင် နိုင်စေရန် ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း၊ သင်တန်းသား/ သူများအနေဖြင့် ဌာန၏ အဓိက လုပ်ငန်းတာဝန်များ၊ ရည်မှန်းချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို အလေးထား လေ့လာ မှတ်သား လိုက်နာကြရန်၊ လုပ်ငန်းခွင်တွင် လက်တွေ့လုပ်ဆောင်ရာ၌ သိရှိမှတ်သားလိုက်နာရမည့် ဘာသာရပ် ဆိုင်ရာ အသိပညာရပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြရန်နှင့် သင်ကြားခဲ့သည့် အသိပညာရပ်များကို လက်တွေ့နယ်ပယ်၌ နိုင်ငံတော်နှင့်ပြည်သူအကျိုးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ လူမှုဖူလုံရေးအဖွဲ့၌ တာဝန်ထမ်းဆောင်နေသော ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ကျောင်းဆင်း ဝန်ထမ်းသစ် အကြီးတန်း စာရေး(၉)ဦးနှင့် အငယ်တန်းစာရေး (၂၈) ဦး၊ စုစုပေါင်း သင်တန်းသား  (၃၇) ဦး တက်ရောက် လျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ (၅) ရက်ကြာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။