နေပြည်တော် ဒီဇင်ဘာ ၂၇
အလုပ်သမားဝန်ကြီးဌာန၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါရုံးရှေ့၊ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးရုံးအပါအဝင် ဦးစီး ဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေး၊ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သန်းစွမ်းမှုရရှိစေရေး၊ ဝန်ထမ်းအချင်းချင်း ရိုင်းပင်းကူညီစိတ်များနှင့် စုပေါင်း လုပ်ဆောင်တတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ် ကြောင်း၊
နိုင်ငံတော်ကချမှတ်ထားသည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဟူသော လူမှုရေးဦးတည်ချက်ပါ ပြဋ္ဌာန်းချက်အရ လူတိုင်းအတွက် သက်ရှည်ကျန်းမာရေးသည် အဓိကကျပြီး အားကစားပြုလုပ်ခြင်းကြောင့်ရရှိသည့် ပထမဆုံးအကျိုးကျေးဇူးသည် မိမိတို့၏ တစ်ကိုယ်ရည် ကျန်းမာရေးကောင်းကျိုးရရှိမှာဖြစ်ပါကြောင်း၊
ပါဝင်ယှဉ်ပြိုင်ကြသည့် အားကစားဝါသနာရှင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်တို့ကိုဖော်ထုတ်ပြီး အောင်မြင်မှုရရှိသူများဖြစ်အောင် ကြိုးစားသွားကြရန်နှင့် အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်ဓာတ်၊ တိုင်းပြည်ချစ်စိတ် များနှင့် အမျိုးသားရေး စရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေကာ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေး တိုးတက်စေနိုင်ခြင်းကြောင့် အားကစားသမားမောင်မယ်များသည် အားကစား စိတ်ဓာတ်အပြည့်ဖြင့် အနိုင်ရရှိအောင် ယှဉ်ပြိုင်ပြီး ဝန်ကြီးဌာနအဆင့် အားကစားသမားများမှ တစ်ဆင့် နိုင်ငံတော်အဆင့် ဝန်ကြီးဌာန ကိုယ်စားပြုယှဉ်ပြိုင်နိုင်သည့် အားကစားသမားတွေဖြစ် အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ဘော်လီဘော (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲတွင် တတိယဆုရရှိသည့် (အမျိုးသား/ အမျိုးသမီး)အသင်းအား လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးမှူးချုပ်မှ လည်းကောင်း၊ ဒုတိယဆုရရှိသည့် (အမျိုးသား/အမျိုးသမီး)အသင်းအား အမြဲတမ်းအတွင်းဝန်မှ လည်းကောင်း၊ ပထမဆုရရှိသည့် (အမျိုးသား/အမျိုးသမီး)အသင်းအား ပြည်ထောင်စုဝန်ကြီးမှ လည်းကောင်း ဆုကြေးငွေနှင့် ဆုတံဆိပ်များအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

