အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ စာချုပ်ဆေးခန်း များဖြစ်သည့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်ရှိ လူမှုဖူလုံရေး-ကဲဝဲလ်အထွေထွေ ရောဂါကုဆေးခန်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်းများတွင် အကျုံးဝင်အာမခံအလုပ်သမားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုများအား ကွင်းဆင်းစစ်ဆေး၍ အာမခံအလုပ်သမားများကို တွေ့ဆုံ အားပေးခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက ဆေးကုသမှုခံယူနေသော အာမခံအလုပ်သမားများအနေဖြင့် မမာမကျန်းဖြစ်ပါက လူမှုဖူလုံရေးဆေးခန်းများ၊ လူမှုဖူလုံရေးအဖွဲ့ စာချုပ်ဆေးခန်းများတွင် ပြင်ပလူနာဝန်ဆောင်မှုရယူနိုင်ကြောင်း၊ နာတာရှည်ရောဂါများ၊ ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအတွက် ပြည်သူ့ဆေးရုံများတွင် ပြသပြီး ဆေးဖိုးကုန်ကျငွေများအား ပြန်လည်တင်ပြ တောင်းခံနိုင်ကြောင်း ပြောကြားခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေတွင် အကျုံးဝင်အာမခံ အလုပ် သမား (၂၆,၀၀၀) ကျော်ရှိပြီး အဆိုပါအာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၃) ခန်း၊ ဌာနကြီးဆေးခန်း (၄) ခန်း၊ စာချုပ်ဆေးခန်း (၃) ခန်း၊  သားဖွားမီးယပ် ပြင်ပလူနာဝန်ဆောင်မှု (Specialist OG OPD care) (၂) ခန်းတို့ ဖွင့်လှစ်၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ အာမခံအလုပ်သမားလူနာပေါင်း (၃၁၆,၃၀၃) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပါသည်။         

လူမှုဖူလုံရေးအဖွဲ့အနေဖြင့်  အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့် ရှောက်မှုကို ပိုမိုထိရောက်လွယ်ကူစေရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် Fee For Service Payment ဆေးခန်း (၂၀) ခန်း၊ Capitation Payment ဆေးခန်း (၂၆) ခန်း၊ သားဖွားမီးယပ်ပြင်ပလူနာဝန်ဆောင်မှု (Specialist OG OPD care) (၁၅) ခန်းနှင့် မီးဖွားမှုဝန်ဆောင်မှုဆေးခန်း (၁၂) ခန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ လူနာဉီးရေ (၂,၉၃၉) ဦးအတွက် ဆေးဖိုးကုန်ကျငွေ ကျပ် ၅၄၆.၂၀၆ သန်း ပေးအမ်းခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်ရှိ CMP စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော ချင်းတွင်းတံခွန် အထည်ချုပ်စက်ရုံအား သွားရောက်၍ စက်ရုံတာဝန်ရှိသူများ၊  အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဝင်များနှင့်တွေ့ဆုံရာ စက်ရုံ တာဝန်ရှိသူက စက်ရုံတည်ထောင်ထားရှိမှုနှင့် လုပ်ငန်းလည်ပတ်နေမှုအခြေအနေများ၊ WCC ဖွဲ့စည်းထားရှိမှုအခြေအနေ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ ဖွဲ့စည်းထားမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်လုပ်မှုတိုးတက် စေရေးနှင့် လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်စေရေးအတွက် အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့များမှ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်မှုများအား ပုံမှန်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝ ကို တိုးတက်စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အပံ့ရစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြင့်ဆောင်ရွက်ရန် လိုကြောင်း၊ အလုပ်သမားရေးရာအငြင်းပွားမှုများ လျော့နည်းစေရေး၊ မျှတသည့် အလုပ်သမား ရေးရာဆက်ဆံမှုထူထောင်ရန်လိုအပ်ကြောင်း၊ (WCC) နှင့် အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရှင်များနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းပြီး မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါထိခိုက်ခံစားမှု လျော့နည်းကျဆင်းလာ သည်နှင့်အမျှ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေနိုင်ကြောင်း စသည်တို့ကို လမ်းညွှန်မှာကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း အလုပ် သမားများအေးချမ်းစွာ လုပ်ကိုင်မှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပါသည်။