ရန်ကုန် စက်တင်ဘာ ၈
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးတွင် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအစည်းအဝေးခန်းမ၌ ခေတ္တဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်း များအားတွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံ ရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင် ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ် ကြောင်း၊ လူနာကုသရေးလုပ်ငန်း၊ ဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဆေးရုံ လုံခြုံရေးအလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား (၈၉၀၀၀၀) ကျော်ရှိပြီး အဆိုပါ အာမခံ အလုပ်သမား များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ကုန်အလုပ်သမားဆေးရုံကြီး၊ ထန်းတပင်အလုပ်သမားဆေးရုံ၊ မြို့နယ် လူမှုဖူလုံရေးဆေးခန်း(၂၂)ခန်း၊ ဌာနကြီးဆေးခန်း (၁၈) ခန်း၊ တိုင်းရင်းဆေးခန်း(၁)ခန်း၊ စာချုပ်ဆေးခန်း(၃၀)ခန်း၊ မီးဖွားခြင်း ဆိုင်ရာ ဝန်ဆောင်မှုဆောင် ရွက်သည့်ဆေးခန်း(၁၀)ခန်းတို့ ဖွင့်လှစ်၍ ၁/၂၀၂၃ မှ ၇/၂၀၂၃ အထိ အာမခံ အလုပ်သမား လူနာပေါင်း(၆၂၅၇၆၃)ဉီးအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ပါသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့် ရှောက်မှုကို ပိုမိုထိရောက် လွယ်ကူစေရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် Fee For Service Payment ဆေးခန်း (၂၀) ခန်း၊ Capitation Payment ဆေးခန်း (၂၆) ခန်းနှင့် မီးဖွားမှုဝန်ဆောင်မှုဆေးခန်း(၁၂) ခန်းဖြင့် ကျန်းမာရေးဝန်ဆောင် မှုပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် ၁/၂၀၂၃ မှ ၇/၂၀၂၃ အထိ လူနာဉီးရေ (၅၂,၇၉၂) ဉီး အတွက် ဆေးဖိုးကုန်ကျငွေ ကျပ်သန်းပေါင်း ၄,၂၇၀.၀၉၃ သန်း ပေးခဲ့ပြီးဖြစ်ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ ဖွင့်လှစ်သည့် ကြွေပြားကပ်လုပ်သားအလုပ်အကိုင်သင်တန်းဖွင့်ပွဲသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကား ပြောကြားရာတွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် SOILBUILD CONSTRUCTION GROUP LTD တို့အကြား ဆောက်လုပ်ရေးလုပ်သားများအဖြစ် လေ့ကျင့်သင်ကြားရေး၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး နှင့် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိသူများကို စင်ကာပူနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး စီမံကိန်းအကောင်အထည်ဖော်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၁၂-၇-၂၀၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၂-၇-၂၀၂၃ ရက်နေ့မှ ၁၁-၇-၂၀၂၃ ရက်နေ့ထိ စီမံကိန်းသက်တမ်းကာလ (၂) နှစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊
စင်ကာပူနိုင်ငံသို့ လုပ်သားစေလွှတ်ရာတွင် NSSA မှ စစ်ဆေးအကဲဖြတ်၍ အရည်အချင်း ပြည့်မီသူများကိုသာ စေလွှတ် မည်ဖြစ်သဖြင့် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရရှိစေရေးအတွက် NSSA ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်မှု၌ ဝင်ရောက် ဖြေဆိုရာတွင် အောင်မြင်မှုရှိစေရေးနှင့် စည်းကမ်းကောင်းမွန်၍ စွမ်းဆောင် ရည် ထက်မြက်သည့် ကျွမ်းကျင်လုပ်သားများဖြစ်စေရေး သင်တန်းဆရာများမှ သင်ကြားပို့ချသည့် လုပ်ငန်းဆိုင်ရာ စာတွေ့၊ လက်တွေ့ အသိပညာဗဟုသုတများနှင့် လက်တွေ့ကျွမ်းကျင်မှုများကို စနစ်တကျ လေ့လာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရန်ကုန်တိုင်ဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဉီးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်း ကျောင်းတာဝန်ခံနှင့် တာဝန်ရှိသူများ၊ SOILBUILD CONSTRUCTION GROUP LTD မှ တာဝန်ရှိသူများ၊ သင်တန်း ဆရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လုပ်သားဈေးကွက်လိုအပ်ချက် ရှိသည့် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်ရန်၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် SOILBUILD CONSTRUCTION GROUP LTD တို့အကြား နားလည်မှုစာချွန်လွှာ ရေးထိုးဆောင်ရွက်လျက်ရှိသည့် စီမံကိန်းပါ လုပ်ငန်းစဉ်များကို MoU ပါအချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးရှိ ဝန်ထမ်းများအား တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာနေထိုင်ရေး၊ တည်ဆဲ ဥပဒေများအား လေးစားလိုက်နာနိုင်ရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ဌာန များအလိုက် လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် ဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်၊ ဦးတည်ချက်များ အောင်မြင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ပေးအပ်မှုအား ကျေပွန်စွာထမ်းဆောင်ရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်္ဃန်းကျွန်း မြို့နယ်ရှိ Center for Vocational Training သို့ သွားရောက်၍ သင်တန်းကျောင်းဝန်းအတွင်း ရုံးခန်းဖွင့် လှစ်ဆောင်ရွက်လျက်ရှိသည့် နည်းပညာအထောက်အကူပြုရုံး (ရန်ကုန်)၊ သင်္ဃန်းကျွန်း မြို့နယ် လူမှုဖူလုံရေးရုံးနှင့် ဆေးခန်းတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံမှာကြားပြီး သင်တန်းကျောင်းဝန်းအတွင်း ရုံးခန်းများဖွင့်လှစ်ထားရှိမှုနှင့် အဆောက်အဦများ ထိန်းသိမ်းထား ရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ CMP စနစ်ဖြင့် လုပ်ကိုင် ဆောင်ရွက်နေသော Arao Co., Ltd အထည်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

