အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပဲခူး)သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ သင်တန်းကျောင်းတာဝန်ခံက သင်တန်းကျောင်းတည်ဆောက်ပြီးစီးမှုနှင့် သင်ကြားလေ့ကျင့်မည့်အစီအစဉ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကထားဆောင်ရွက်လျက်ရှိသည့် (MSME) အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်း များ ရရှိလာမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း ကျွမ်းကျင်လုပ်သားများအား အသုံးပြု၍ ကုန်ထုတ်လုပ် မှုဆောင်ရွက်ခြင်းဖြင့် အရည်အသွေးပြည့်ဝသော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ် နိုင်မည်ဖြစ်သဖြင့် လုပ်ငန်းခွင်အတွက်လိုအပ်လျက်ရှိသော သင်တန်းအမျိုးအစားများကို ဦးစားပေး ရွေးချယ် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်နှင့် ပြည်ပသို့ စေလွှတ်နိုင်သည့် အရည်အသွေးပြည့်ဝသော ကျွမ်းကျင်လုပ်သားများ မွေးထုတ် နိုင်ရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပဲခူး)၌ ပဲခူးတိုင်းဒေသကြီးရှိ အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများအား တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာနေထိုင်ရေး၊ တည်ဆဲဥပဒေများအား လေးစားလိုက်နာနိုင်ရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ဌာနများ အလိုက် လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် ဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရ ၏ ရည်မှန်းချက်၊ ဦးတည်ချက်များ အောင်မြင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ပေးအပ်မှုအား ကျေပွန်စွာထမ်းဆောင်ရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါ၍ ပဲခူးမြိုနယ်ရှိ CMP စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော K Fine International (Myanmar) Co., Ltd အထည်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေရန် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့များမှ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်မှုများအား ပုံမှန်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေး ခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝကိုတိုးတက်စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာအထောက်အပံ့ရစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်မှုကို အရှိန်မြင့်ဆောင်ရွက်ရန်လိုကြောင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှုများ လျော့နည်းစေရေး၊ မျှတသည့် အလုပ်သမားရေးရာဆက်ဆံမှုထူထောင်ရေး၊(WCC) နှင့် အလုပ်သမား အဖွဲ့အစည်းများသည် အလုပ်ရှင်များနှင့် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းပြီးမတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါထိခိုက် ခံစားမှု လျော့နည်းကျဆင်းလာသည်နှင့်အမျှ ကုန်ထုတ်စွမ်းအားတိုးတက်စေရေး များစွာအထောက်အကူ ဖြစ်စေနိုင်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း အလုပ်သမားများ အေးချမ်းစွာလုပ်ကိုင်မှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ ပြည်ပအလုပ်အကိုင်လမ်းညွန်သင်တန်း ဖွင့်လှစ်ပို့ချမှုနှင့် OWIC ထုတ်ပေးနေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ သင်တန်းကျောင်းတာဝန်ခံက မြဝတီနှင့်ကော့သောင်းမြို့များတွင်MoU U-turn လုပ်ငန်းဆောင်ရွက်ရန် သင်ကြားလေ့ကျင့်နေသည့် အရာထမ်း၊ အမှုထမ်းများ၏ လေ့ကျင့်မှု အခြေအနေများ၊ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းများကို ဖွင့်လှစ်ပို့ချနေမှုအခြေအနေများအား ရှင်းလင်း တင်ပြခဲ့သည်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများနှင့် မိမိအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်မည့် အလုပ်သမားများအတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ် သမားဌာနစု(မြောက်ဒဂုံ)၊ ပင်လုံခန်းမ၊ ၄၃ ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းနှင့် မင်းရဲကျော်စွာလမ်း ထောင့်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တွင်လည်းကောင်း၊ ပြည်ပနိုင်ငံများမှ ခွင့်ပြန်အလုပ်သမား များအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး)၊ ရန်ကုန်တိုင်းဒေသကြီးတွင်လည်းကောင်း ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) များကို စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၉/၁၀)အောင်ဆန်းသူရိယလှသောင်းလမ်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ Labour Asia Services Co.,Ltd မှ ဖွင့်လှစ်ထားသော ပြည်တွင်း၊ပြည်ပအလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုနှင့် လုပ်သားကျွမ်းကျင်မှုဆိုင်ရာ သင်တန်း ကျောင်းသို့ ရောက်ရှိရာ Managing Director ဦးမောင်မောင်သွင် မှ သင်တန်းကျောင်းတွင် ဖွင့်လှစ်ဖို့ချနေသည့် အိမ်တွင်းထိန်းသိမ်းရေးဝန်ဆောင်မှုသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ စိုက်ပျိုးရေးဆိုင်ရာသင်တန်းများနှင့် ဂဟေဆက်သင်တန်း ဖွင့်လှစ်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အလုပ်သမားများအား ကျွမ်းကျင်မှုရရှိစေရေး ဆောင် ရွက်ရာတွင် အစိုးရတစ်ခုတည်းကသာ ဆောင်ရွက်နေ၍ မရဘဲ ပုဂ္ဂလိကသင်တန်းကျောင်းများ မှလည်း ယခုကဲ့သို့ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ရန် လိုအပ်နေမှုအပေါ် ယခုသင်တန်း ကျောင်းမှ ကျွမ်းကျင်လုပ်သားများ မွေးထုတ်မှုကို အားရဂုဏ်ယူမိပါကြောင်းနှင့် ကျွမ်းကျင် လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ်မှ ၃၁-၈-၂၀၂၃ ရက်နေ့အထိ အေဂျင်စီအစီအစဉ်ဖြင့်လည်းကောင်း၊ မိမိ အစီအစဉ်ဖြင့်လည်းကောင်း၊ ခွင့်ပြန်/PR ဖြင့်လည်းကောင်း ထိုင်းနိုင်ငံသို့ ၁,၀၉၀,၆၂၉ ဦး၊ စင်ကာပူနိုင်ငံသို့ ၄၉,၈၁၉ ဦး၊ ကိုရီးယားနိုင်ငံသို့ ၆၃,၀၃၆ ဦး၊ ဂျပန်နိုင်ငံသို့ ၅၅,၂၅၄ ဦး၊ မလေးရှားနိုင်ငံသို့ ၃၈၀,၄၄၈ ဦးအပါအဝင် ပြည်ပနိုင်ငံ ၈၉ နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် မည့် အလုပ်သမား ၁,၆၅၀,၆၇၉ ဦးကို OWIC ကတ် ပြုလုပ်ခွင့်ပြု၍ စေလွှတ်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။