အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                           ဩဂုတ် ၁

          အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးခင်မောင်စိုးသည် တာဝန်ရှိသူ များ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိစက်မှုဇုန်ရှိ Maple Win အထည်ချုပ်စက်ရုံနှင့် ချင်းတွင်းတံခွန် အထည်ချုပ်စက်ရုံများသို့ သွားရောက်၍ စက်ရုံတာဝန်ရှိသူများ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ(OSH) ကော်မတီဝင် များ၊ အလုပ်သမားများအားတွေ့ဆုံ၍ ကုန်ထုတ်စွမ်းအားတိုးတက်မြင့်မားစေရေးအတွက် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းသာယာရေးသည် အဓိကကျပြီး အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အလုပ်သမားဝန်ကြီးဌာန အနေဖြင့် အလုပ်သမားများ လုပ်ငန်းခွင်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျွမ်းကျင် မှုသင်တန်းများ ဖွင့်လှစ်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး ဥပဒေပါ ရပိုင်ခွင့်များရရှိနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက စက်ရုံ၌ လူမှုဖူလုံရေးအဖွဲ့ ပိုင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် လုပ်ငန်းခွင်အရောက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ သည်။

ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ရာတွင် အာမခံအလုပ်သမားများအား လိုအပ် သည် စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ပေးခြင်း၊ နောက်ဆက်တွဲရောဂါများ ဖြစ်ပွားမှု နည်းပါးစေရန် လိုက်နာဆောင်ရွက်ရမည့် အမူအကျင့်များကို အသိပညာပေးပြောကြား ခြင်း၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ နှလုံးစမ်းသပ်စစ်ဆေးခြင်းနှင့် ဆေးဝါးထောက်ပံ့ပေး ခြင်းတို့ ဆောင်ရွက်ပေးနေမှုအား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှု၍ အာမခံအလုပ်သမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ သည်။

          အလုပ်သမားဝန်ကြီးဌာနသည် လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)တွင် အကျုံးဝင်အလုပ်ဌာနပေါင်း (၁၁၃၅) ဌာနနှင့် အာမခံအလုပ်သမားဦးရေ (၂၈၉၆၀) ဦးရှိပြီး မြို့နယ်လူမှုဖူလုံရေး ဆေးခန်း (၃)ခန်း၊ စာချုပ်ဆေးခန်း (၅)ခန်း၊ ဌာနကြီးဆေးခန်း (၄)ခန်းတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ခေတ်မီဆေးပစ္စည်း ကိရိယာများ၊ ဆေးဝါးများ ဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။