အလုပ်ရုံနှင့် အလုပ်သမားဉပဒေစစ်ဆေးရေး ဦးစီးဌာန၊ အရာထမ်းများ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် အလုပ်သမားရေးရာဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ဦးစီးဌာန၏ စစ်ဆေးစည်းကြပ်သည့် ဥပဒေ၊ နည်းဥပဒေများကို သိရှိပြီး မိမိတို့၏ လုပ်ငန်းတာဝန် များကို အကောင်အထည်ဖော်နိုင်စေရန်၊ ရုံးလုပ်ငန်းများကို စနစ်တကျလုပ်ကိုင် ဆောင်ရွက်နိုင်ပြီး မိမိတာဝန်ယူရသည့် အဖွဲ့အစည်းကို မှန်ကန်စွာ ဦးစီးဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်း အား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အလုပ်သမားရေးရာ စစ်ဆေးရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ရသည့် ဌာနတစ်ခုဖြစ်ပြီး အလုပ်သမားများ ဥပဒေပါ ရပိုင်ခွင့်များကို မှန်မှန်နှင့် အပြည့်အဝ ရရှိခံစားစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်လာစေရန် အကောင်အထည်ဖော်ဆောင်ရွက် ခြင်းကြောင့် ဦးစီးဌာနတွင် စတင်တာဝန်ထမ်းဆောင်မည့် အရာထမ်းအသစ်များအနေဖြင့် လုပ်ငန်း တာဝန်များကို သိရှိလိုက်နာရန်လိုအပ်ပြီး ဝန်ကြီးဌာနနှင့် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများက အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိပြီး ဝန်ထမ်းကောင်းမှ နိုင်ငံကောင်း မည်ဖြစ်သည့်အတွက်ကြောင့် နိုင်ငံ့ဝန်ထမ်း အရည်အချင်း ပြည့်ဝကျွမ်းကျင်မှု၊ လုံ့လဝီရိယနှင့် တာဝန်ကျေပွန်မှု၊ စိတ်ဓာတ်နှင့် စည်းကမ်းများ ကောင်းမွန်ပြီး ကျင့်ဝတ်စောင့်ထိန်းပါမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန် ကောင်းစွာမြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် အရာထမ်းအသစ်များအား On Job Training System ဖြင့် ၄-၉-၂၀၂၃ ရက်နေ့မှ ၁၈-၉-၂၀၂၃ ရက်နေ့အထိ သင်တန်းကာလ ၁၂ ရက်အတွင်း နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ၊ ငွေစာရင်းဘာသာရပ်များ၊ ဦးစီးဌာနများ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများအပြင် အလုပ်သမားဥပဒေစစ်ဆေးရေး အရာရှိများ၊ အလုပ်ရုံစစ်ဆေးရေးအရာရှိများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ကျင့်ဝတ်များနှင့် ပတ်သက်ပြီး သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။