အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                   ဇူလိုင် ၂၆
          အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်စိုးသည် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်သမားရေးရာ တာဝန်ခံများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မြောက်ဒဂုံ)ရှိ လုပ်ငန်းခွင်အခြေပြု အခြေခံမော်တာ စက်ချုပ်သင်တန်းဖွင့်လှစ်နေမှုအားကြည့်ရှုအားပေးခဲ့ပါသည်။  
          ပြည်ထောင်စုဝန်ကြီးက ပြည်သူမှ ရွေးကောက်တင်မြောက်ထားသော အစိုးရသစ် လက်ထက်တွင် ပြည်တွင်း၊ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကျွမ်းကျင်သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သွားရန်၊ လုပ်ငန်းခွင် နှင့် အပ်စပ်သော သင်တန်းများဖြစ်စေရန်၊ သင်တန်းပြီးဆုံးပြီးနောက် အလုပ်အကိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် မှာကြား၍ သင်တန်းခန်းမအတွင်း သင်ကြားနေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ အလုပ် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ဖွင့်လှစ်သင်ကြားပေးနေသော ပြည်ပအလုပ် အကိုင်ဆိုင်ရာလမ်းညွှန်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသား အလုပ်သမားများသည် နိုင်ငံအပေါ်သစ္စာရှိရန်၊ မိသားစုများ လူမှုဘဝစီးပွားဖွံ့ဖြိုးတိုးတက်စေရေး မိသားစုလွှဲပို့ငွေများကို ပုံမှန်လွှဲပို့ရန်၊ ရောက်ရှိ ရာနိုင်ငံ၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်၊ ပြည်ပသို့ သွားရောက် လုပ်ကိုင်ရာတွင် နိုင်ငံ၏ ဂုဏ်သိက္ခာကို အစဉ်စောင့်ထိန်းကာ မိမိဘဝ တိုးတက်စေရေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။           ထို့နောက် ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ဆောင်ရွက် ပေးနေသော ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား(Overseas Worker Identification Card –OWIC) ပြုလုပ်ဆောင်ရွက်ပေးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းစဉ်များ ကြန့်ကြာမှု မရှိစေရေး တွန်းအားပေးဆောင်ရွက်ရန်၊ ခွင်ပြန်အလုပ်သမားများ ခွင့်ပြန်ပြီးနောက် လုပ်ငန်းခွင်သို့ အချိန်မှီ ပြန်လည်ဝင်ရောက်နိုင်ရေး အလုပ်အကိုင်အခွင့်အလမ်းများ မပျောက်စေရေး အလေးထား ဆောင်ရွက်ရန် မှာကြား၍ လုပ်ငန်းဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။