ရန်ကုန်မြို့ ဇူလိုင် ၁၈
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် လူမှုဖူလုံရေးရုံးဝန်းအတွင်းရှိ လူမှုဖူလုံရေးရုံးနှင့် ဆေးခန်း၏ ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ ပြီးနောက် ဝန်ထမ်းများအားတွေဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုး ယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ် စေရန် အလေးအနက်ထား ဆောင်ရွက်စေလိုကြောင်း၊ အာမခံအလုပ်သမားများ၏ အကျိုးခံစား ခွင့်များအား လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ပေး၍ အလုပ်သမားများ အားကိုးရသော ဌာနဖြစ်အောင် ကြိုးစားဆောင်ရွက်စေလိုအပ်ကြောင်း မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အလုံမြို့နယ်ရှိ ပင်မဆေးသို လှောင်ရေးဌာနသို့ ရောက်ရှိပြီး ဆေးဝါးများ စနစ်တကျ သိုလှောင်ထားရှိမှုနှင့် အဆိုပါ ဝင်းအတွင်းရှိ အဆောက်အဦများ ပြင်ဆင်ထိန်းသိမ်းနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်အတွက် လိုအပ်သောဆေးဝါးများ အား ပြတ်လပ်မှုမရှိစေရေး၊ အလေအလွင့်မရှိစေရေး အစဉ်တစိုက် ဆောင်ရွက်ရန် လိုအပ် ပါကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး (၁) ရုံး၊ ခရိုင်လူမှုဖူလုံရေးရုံး (၂) ရုံးနှင့် မြို့နယ်လူမှုဖူလုံရေးရုံး (၁၅) ရုံး ဖွင့်လှစ်ထားရှိပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ လူမှုဖူလုံရေးအကျုံးဝင်အလုပ်ဌာနများ မှတ်ပုံတင်ခြင်း၊ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ် သမားများ မှတ်ပုံတင်ခြင်း၊ ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ၄/၂၀၂၆ လမှ ၆/၂၀၂၆ လအထိ ငွေကြေး အကျိုးခံစားခွင့် ငွေပေါင်း ကျပ်သန်း (၂၈၂၂.၈၉၉) အား ခွင့်ပြုထုတ်ပေးပြီးဖြစ်ပါကြောင်း သတင်း ရရှိပါသည်။

