ရန်ကုန် ဇွန် ၁၇
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး၊ ပြင်ပလူနာဌာနတွင် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသော အာမခံ အလုပ်သမားများ၏ ကျန်းမာရေးအခြေအနေကို ရင်းရင်းနှီးနှီးတွေ့ဆုံမေးမြန်းအားပေးခဲ့ပြီး ဆေးရုံ အုပ်ကြီးနှင့် တာဝန်ရှိသူများအား လူနာများအတွက်အရည်အသွေးမြင့်မားသော ကျန်းမာရေး စောင့်ရှောက်မှုများကို စေတနာထား၍ အကောင်းဆုံးပေးအပ်နိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအတွင်းရှိ ဆေးဝါးသိုလှောင်ရုံနှင့် ဆေးကုသမှုဆိုင်ရာပစ္စည်းကိရိယာများ ထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များ စနစ်တကျရှိစေရေးအတွက် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းစဉ်များ ပိုမိုထိရောက်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
အလုပ်သမားဆေးရုံကြီး(ရန်ကုန်)တွင် အထွေထွေရောဂါ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ အရိုး၊ အကြောအဆစ်ပြန်လည်သန်စွမ်းရေး၊ မျက်စိ၊ သွားနှင့်ခံတွင်း၊ ဓာတ်မှန်၊ ရောဂါဗေဒပြင်ပ လူနာဌာနများဖွင့်လှစ်ထားရှိ၍ အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိပြီး အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အား ကိုးယုံကြည်ရသည့် အလုပ်သမားဆေးရုံကြီးဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင် မှုများကို ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန် လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက် များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ၁၆-၆-၂၀၂၆ ရက်နေ့တွင် မင်္ဂလာဒုံစက်မှုဇုန် ရှိ Myanmar Postraion Co.,ltd အထည်ချုပ်စက်ရုံနှင့် SMK Mingalardon Co.,ltd အထည်ချုပ် စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက စက်ရုံမန်းနေးဂျင်း ဒါရိုက်တာ နှင့် တာဝန်ရှိသူများ၊ အလုပ်သမားများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီဝင်များ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ အလုပ်သမားများ၏ လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ အလုပ် သမားများ၏ ရပိုင်ခွင့်များ ဆောင်ရွက်ပေးထားမှုအခြေအနေများနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာများ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်(EC) ချုပ်ဆိုပေးမှုအခြေအနေများအား မေးမြန်းပြောကြားခဲ့ပြီး တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အထည်ချုပ်စက်ရုံများတွင် ရွေ့လျားဆေးကုသရေးအဖွဲ့ဖြင့် လုပ်ငန်းခွင်အရောက် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးနေမှု အား လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား (၁,၀၁၂,၅၄၀) ရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ကုန်အလုပ်သမားဆေးရုံကြီး၊ ထန်းတပင်အလုပ်သမားဆေးရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၂၂)ခန်း၊ ဌာနကြီးဆေးခန်း (၂၁) ခန်း၊ တိုင်းရင်းဆေးခန်း(၁)ခန်း၊ စာချုပ်ဆေးခန်း(၅၃)ခန်း၊ မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှုဆောင် ရွက်သည့် ဆေးခန်း(၅)ခန်းတို့ ဖွင့်လှစ်၍ ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်ပေးလျက်ရှိသည့် အပြင် ရွေ့လျားဆေးကုသယာဉ်ဖြင့် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ် ဧပြီလ မှ ၂၀၂၆ ခုနှစ် မတ်လအထိ ဆေးဖိုးအမှုတွဲ (၇၇,၈၀၇) အတွက် ဆေးဖိုးကုန်ကျငွေ ကျပ်သန်းပေါင်း ၇,၉၇၄ ပေးအမ်းခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

