အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                          ဧပြီ  ၂၇

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး သည် တာဝန်ရှိသူများ လိုက်ပါလျက် ၂၆-၄-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဆေးရုံအစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးက ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်း များအားတွေ့ဆုံ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရသည့် ဝန်ထမ်းများဖြစ်၍ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝသည့် အလုပ်ဖြစ်သဖြင့် စေတနာထားဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတော် သမ္မတ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားတွင် နိုင်ငံတော်သမ္မတက ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေး အဆင့်မြှင့် တင်ရေး လုပ်ငန်းများ ကို ထိရောက်သည့်မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရေး၊ ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာ ကြားချက်ဖြစ်သော ပညာရေး ကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများကို အခြေခံအဆင့်မှစ၍ မြှင့်တင် နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ဝန်ထမ်းများအပါအဝင် ဝန်ထမ်းမိသားစု များ၏ ပညာရေးကို အဆင့်မြှင့်တင်နိုင်ရေး ဝန်ထမ်းများအနေဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း၊ မိမိအနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်စပ်လျဉ်း၍လည်း အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများအတွက်  အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပညာရှင်များဖြစ်သည့်အတွက် ကျင့်ဝတ်စည်းကမ်း များကို လိုက်နာရန်နှင့် မိမိလုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့ သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် အဖွဲ့အစည်းတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှု ဝန်ဆောင်မှုကို ပေးအပ်နိုင်ရန် လိုအပ် ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံ(ထန်းတပင်)အတွင် လှည့်လည် ကြည့်ရှုခဲ့ပြီး ဆေးဝါးကုသမှုခံယူနေသည့် အာမခံအလုပ်သမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများကို အလုပ်သမားဆေးရုံကြီး(ရန်ကုန်)၊ အလုပ်သမားဆေးရုံ (ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၂၂)ခန်း၊ တိုင်းရင်းဆေးကုခန်း(၁)ခန်း၊ ဌာနကြီးဆေး ခန်း (၂၁)ခန်း၊ စာချုပ်ဆေးခန်း(၅၃)ခန်း၊ မီးဖွားခြင်းဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်း(၅)ခန်း တို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်ဧပြီလမှ ၂၀၂၆ခုနှစ် မတ်လအထိ လူနာဦးရေ(၁,၁၄၆,၆၈၅)အား ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးဖိုးပြန်အမ်းအမှုတွဲ (၇၇,၈၀၇) မှု အတွက် ငွေကျပ်သန်းပေါင်း ၇၉၇၄.၃၉၆ အား ပြန်လည်ပေးအမ်းနိုင်ခဲ့ပါသည်။