အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                               ဩဂုတ် ၂၂

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံ (ထန်းတပင်)သို့ သွားရောက်၍ လူမှုဖူလုံရေးအကျုံးဝင်အာမခံအလုပ်သမားများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှု အခြေအနေများအား ကြည့်ရှုအားပေးပြီး ဆေးရုံအစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများ အား တွေ့ဆုံ၍ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်က စုပေါင်းထည့်ဝင်ကြေးများနှင့် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမား များ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမားရေးစောင့်ရှောက်မှုများနှင့် ငွေလက်ငင်းအကျိုးခံစားခွင့် များအား ခံစားရရှိနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်နှင့် ကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုကို ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု၍ ဆေးရုံတက်ရောက်ဆေးကုသနေသော အာမခံအလုပ်သမားများအား အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၁)ရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ(ကနောင်ခန်းမ)၌ စက်မှုဇုန် ဥက္ကဋ္ဌနှင့် အတွင်းရေး မှူးများ၊ စက်ရုံတာဝန်ရှိသူများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင် များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနသည် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် ပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရူသော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးအပါအဝင် အလုပ်သမား ရေးရာကိစ္စများနှင့်ပတ်သက်၍ ရည်မှန်းချက်၊ မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ အလုပ်သမားများ အလုပ်အကိုင်ဖန်တီးပေးရေး၊ ဥပဒေပါ အကျိုးခံစားခွင့်များရရှိရေး၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းသာယာရေးနှင့် လူမှုဖူလုံရေးအာမခံ အလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် လူမှုကာကွယ်မှုများရရှိအောင် ထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် အလုပ်သမားဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို သိရှိနားလည်၍ လိုက်နာဆောင်ရွက်ကြရန်နှင့် အလုပ်ရှင်နှင့် အလုပ်သမား များအား အသိပညားပေး ဆွေးနွေးပွဲများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်ရှင်များ အနေဖြင့် စက်ရုံ၊ အလုပ်ရုံများ စွမ်းအားပြည့်ပုံမှန်လည်ပတ်နိုင်ရေးနှင့် အလုပ်သမားများ၏ ကျန်းမာရေး၊ လုပ်ငန်းခွင် အေးချမ်းသာယာရေးတို့အတွက် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အလုပ်သမားညွှန်ကြားရေးမှူးချုပ် မှ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြေရှင်ပေးခဲ့သည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းကျောင်းတာဝန်ခံ၏ ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့ရုံများနှင့် တိုင်းရင်းဆေးကုခန်း၊ လူမှုဖူလုံရေး-ကဲဝလ်ဆေးခန်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။           ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ Golden Emperor (Myanmar) Co., Ltd ဖိနပ်ချုပ်စက်ရုံနှင့် Sheng Jie (Myanmar) Co., Ltd အထည်ချုပ်စက်ရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေး၍ စက်ရုံများတွင် ဖွဲ့စည်းထားသည့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများသည်  အလုပ်သမားရေးရာဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။