အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ အထည်ချုပ်အခြေခံသင်တန်း ဖွင့်လှစ်ပို့ချနေမှုအား ကြည့်ရှုအားပေး

ရန်ကုန်မြို့                                                                           ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်

          အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းသို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းကျောင်းအစည်းအဝေးခန်းမတွင် သင်တန်း ကျောင်းတာဝန်ခံများမှ သင်တန်းများအလိုက် လုပ်ငန်းဆောင်ရွက်မှုများနှင့်ပက်သက်၍  ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ပနိုင်ငံသို့သွားရောက် လုပ်ကိုင်နေသည့် အလုပ်သမားစာရင်း များရရှိနိုင်ရေး၊ အလုပ်သမားစေလွှတ်သည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ ဝင်ငွေခွန်များ၊ ကုန်သွယ်ခွန်များကို စနစ်တကျပေးဆောင်စေ၍ နိုင်ငံတော် အတွက် ဝင်ငွေများရရှိစေရေး၊ အလုပ်သမားများ ပြည်ပနိုင်ငံများတွင် အခက်အခဲပြဿနာ တစ်စုံတစ်ရာဖြစ်ပွား၍ အကူအညီတောင်းခံလာပါက အချက်အလက်များ စစ်ဆေး၍ ထိရောက် စွာကူညီဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံအလိုက် လုပ်သားထွက်ခွာမှုစာရင်းများမှ တစ်ဆင့် လိုအပ် သည့် မူဝါဒများ ရေးဆွဲချမှတ်နိုင်ရေး၊ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် သူများကို စနစ်တကျ မှတ်ပုံတင်ထားရှိနိုင်ရေးတို့အတွက် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card- OWIC)များ၏ အချက်အလက်များ လုံခြုံမှုရှိအောင် ထိန်းသိမ်းကြရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အထည်ချုပ် အခြေခံသင်တန်း ဖွင့်လှစ်ပို့ချနေမှု ၊ EPS အစီအစဉ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုနေမှု၊ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမားများအတွက် လုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်လှစ်ပို့ချဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး သင်တန်းသားများအား ပြည်ပနိုင်ငံများသို့သွားရောက် အလုပ် လုပ်ကိုင်ရာတွင် မိမိနိုင်ငံ၏ ဂုဏ်သိက္ခာ၊ မိမိ၏ ဂုဏ်သိက္ခာ စောင့်စည်းထိန်းသိမ်းရန် လိုအပ် ကြောင်း၊ ပြည်ပနိုင်ငံများတွင် မိမိဘဝကို မိမိဘာသာ မားမားမတ်မတ် ရပ်တည်ဆောင်ရွက် ရမည်ဖြစ်၍ ရရှိသောလစာငွေကို စနစ်တကျ စုဆောင်းထိန်းသိမ်းရန်လိုအပ်ကြောင်း၊ စည်းကမ်း နှင့်အညီ နေထိုင်၍ မိမိ၏လုံခြုံရေးကို ဂရုစိုက် ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ရောက်ရှိအလုပ် လုပ်ကိုင်ကြမည့် နိုင်ငံ၏ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများကို လေးစားလိုက်နာ ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ အခက်အခဲ ကြုံတွေ့လာပါက သက်ဆိုင်ရာ မြန်မာသံရုံးသို့ အကူအညီ တောင်းခံကြရန် မှာကြားခဲ့ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ် ကိုင်ကြမည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (OWIC)  ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးပြီး အလုပ်သမားများထံသို့ ပြည်ပ အလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား(OWIC)များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။