အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                        ဇန်နဝါရီလ ၁၁

          အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် တာဝန်ရှိသူ များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ စာချုပ်ဆေးခန်း များဖြစ်သည့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဒက္ခိဏသီရိမြို့နယ်ရှိ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်းနှင့် ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်ရှိ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်းများတွင် အကျုံးဝင်အာမခံအလုပ်သမားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုများအား ကွင်းဆင်းစစ်ဆေး၍ အာမခံအလုပ်သမားများကို တွေ့ဆုံ အားပေးခဲ့သည်။

          ပြည်ထောင်စုနယ်မြေ (နေပြည်တော်)တွင် အကျုံးဝင်အာမခံအလုပ်သမား ၂၆၀၆၁ ဦးရှိပြီး အဆိုပါအာမခံအလုပ် သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မြို့နယ်လူမှုဖူလုံရေး ဆေးခန်း ၃ ခန်း၊ လူမှုဖူလုံရေးအဖွဲ့ စာချုပ်ဆေးခန်းများဖြစ်သည့် လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း (၂) ခန်းနှင့် လူမှုဖူလုံရေး-လင်းအထွေထွေရောဂါကုဆေးခန်းတို့ ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။

          ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဒက္ခိဏသီရိမြို့နယ်ရှိ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်းကို ၉-၃-၂၀၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၂/၂၀၂၂ လအထိ စုစုပေါင်း လူနာဦးရေ ၃၇၄၀ ဦး၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်ရှိ  လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်းကို ၁၀-၅-၂၀၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၂/၂၀၂၂ လအထိ စုစုပေါင်းလူနာဦးရေ ၆၃၀၃ ဦးကို ဆေးကုသမှုပေးနိုင်ခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အဆိုပါဆေးခန်းတွင် ဆေးကုသမှုခံယူနေသော အာမခံ အလုပ် သမားများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရာသီအကူး အပြောင်း ကာလတွင် ရာသီတုပ်ကွေးရောဂါများ၊ ဝမ်းရောဂါများ မဖြစ်ပွားစေရေး သတိထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အာမခံအလုပ်သမားများအနေဖြင့် မမာမကျန်းဖြစ်ပါက လူမှုဖူလုံရေးဆေးခန်းများ၊ လူမှုဖူလုံရေးအဖွဲ့ စာချုပ်ဆေးခန်းများတွင် ပြင်ပလူနာဝန်ဆောင်မှု  ရယူနိုင်ကြောင်း၊ နာတာရှည်ရောဂါများ၊ ခွဲစိတ်ကုသရန် လိုအပ်သော လူနာများအတွက် ပြည်သူ့ ဆေးရုံများတွင် ပြသပြီး ဆေးဖိုးကုန်ကျငွေများအား ပြန်လည်တင်ပြ တောင်းခံနိုင်ကြောင်း ပြောကြားခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက် မှုကို ပိုမိုထိရောက်လွယ်ကူစေရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် Fee For Service Payment ဆေးခန်း (၁၂) ခန်း၊ Capitation Payment ဆေးခန်း (၂၅) ခန်းနှင့် မီးဖွားမှုဝန်ဆောင်မှုဆေးခန်း (၈) ခန်းဖြင့် ကျန်းမာရေး ဝန်ဆောင်မှုပေးလျက်ရှိရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)တွင် ၃/၂၀၂၂ လမှ ၁၂/၂၀၂၂ လ အထိ ဆေးဖိုး အမှုတွဲပေါင်း ၂၄၇၃ မှုအတွက် ဆေးဖိုးကုန်ကျငွေ ကျပ်သန်းပေါင်း ၄၁၆.၉၂၆ သန်း ပေးအမ်းခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။