အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                             ဇန်နဝါရီ ၁၀

          မန္တလေးတိုင်းဒေသကြီးအတွင်း လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ ရေဘေးသင့် အာမခံအလုပ်သမားများအား လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀% ခွင့်ပြုထုတ်ပေးရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ စည်ပင်သာယာရေး ကော်မတီ၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီး ဌာနမှ တာဝန်ရှိသူများနှင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် တိုင်ဖွန်းမုန်တိုင်း(ရာဂီ)၏ အရှိန် ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ မြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုကြောင့် ပြည်သူအများ အတိဒုက္ခရောက် ခဲ့ရပြီး အလုပ်ရုံ၊ စက်ရုံ၊ အလုပ်ဌာနများ ပိတ်သိမ်းရခြင်း၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံး ရခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ခဲ့ပါကြောင်း၊

ထို့ကြောင့် နိုင်ငံတော်အစိုးရက တာဝန်အပ်နှင်းထားသည့် ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပြည်သူလူထု လူမှုဒုက္ခခံစားရချိန်တွင် တတ်နိုင်သော ဝန်အားဖြင့် နည်းလမ်းမျိုးစုံပံ့ပိုးပေးခဲ့ကြရာ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများကို သဘာဝဘေးအန္တရာယ် ကျရောက်မှု ကြောင့် တတ်နိုင်သည့်နည်းလမ်းများဖြင့် ထောက်ပံ့ကူညီပေးရန် ဆောင်ရွက်ခဲ့ပါကြောင်း၊

          မန္တလေးတိုင်းဒေသကြီးတွင် အလုပ်ဌာန (၇,၃၀၇) ဌာန၊ အာမခံအလုပ်သမား (၁၂၄,၁၆၄)ဦး မှတ်ပုံတင်ထားသည့်အနက်မှ အလုပ်ဌာန(၉၅)ဌာနမှ  ရေဘေးသင့်အာမခံအလုပ်သမား (၁,၁၉၇) ဦးရှိပြီး အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မန္တလေးအလုပ်သမား ဆေးရုံကြီး၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၁၃)ခန်း၊ ဌာနကြီးဆေးခန်း (၉)ခန်း ၊ စာချုပ်ဆေးခန်း (၇)ခန်းတို့ ဖွင့်လှစ်၍ ၂၀၂၄ ခုနှစ် ဧပြီလမှ  ဒီဇင်ဘာလ အထိ အာမခံအလုပ်သမား လူနာပေါင်း (၉၀,၂၈၂) ဦးအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာ ဝန်ကြီးထံသို့ အာမခံအလုပ်သမား (၁,၁၉၇) ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံ စားခွင့်  ၄၀% ကျပ်သန်း (၉၇.၁၁၄) ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀% ကို အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ကိုယ်တိုင်လာ‌ရောက်ပြီး ခွင့်ပြုထုတ်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်းနှင့် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများအတွက် ဆေးကုသမှုပေးခြင်းနှင့် ငွေကြေး အကျိုးခံစားခွင့် ဝန်ဆောင်မှုများပေးရာတွင် ခေတ်နှင့်လျော်ညီပြီး ပိုမိုထိရောက်ကောင်းမွန်သည့်  ဝန်ဆောင်မှုများပေးအပ်နိုင်အောင် ဆောင်ရွက်နေသည်များကို သိရှိပြီးဖြစ်သဖြင့် လူမှုဖူလုံရေး အဖွဲ့ကြီး ရေရှည်တည်တံ့ခိုင်မြဲပြီး အာမခံအလုပ်သမားများနှင့် အလုပ်ရှင်များ၏ အကျိုးကို ပိုမိုဆောင်ရွက်ပေးနိုင်ပါစေကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် တက်‌ရောက်လာသူများက မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အောင်မြေသာစံမြို့နယ်ရှိ အလုပ်သမား ညွှန်ကြားရေးဉီးစီးဌာန၊ တိုင်းဒေသကြီးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး) သို့ သွားရောက်၍ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း ဖွင့်လှစ်ပို့ချနေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီးနောက် အဆိုပါသင်တန်းကျောင်းခန်းမ၌ မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်ရုံးများမှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာနေထိုင်ရေး၊ တည်ဆဲဥပဒေများအား လေးစားလိုက်နာနိုင်ရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ဌာန များအလိုက် လုပ်ငန်းတာဝန်များအား ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် ဝန်ကြီးဌာနနှင့် နိုင်ငံတော် အစိုးရ၏ ရည်မှန်းချက်၊ ဦးတည်ချက်များ အောင်မြင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ပေးအပ်မှုအား ကျေပွန်စွာထမ်း ဆောင်ကြရန် မှာကြားခဲ့သည်။

၎င်းနောက် ပြည်ကြီးတံခွန်မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မြို့နယ်ရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လူမှုဖူလုံရေးအဖွဲ့ဖြင့် စာချုပ်ချုပ်ဆိုဆောင်ရွက်လျက်ရှိသည့် လူမှုဖူလုံရေး-ဘေးမခ အထွေထွေရောဂါကုဆေးခန်းသို့ သွားရောက်၍ အာမခံအလုပ်သမား များအား ဆေးဝါးကုသမှုဆောင်ရွက်ပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ လမ်းညွန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။