အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 ရန်ကုန်မြို့                                                                                            နိုဝင်ဘာ ၂၉    

          အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ လူမှုဖူလုံရေး အဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးမှဝန်ထမ်းများအား တွေ့ဆုံပြီး ဆေးရုံတက် ရောက်ကုသ နေသောလူနာများအား ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအစည်းအဝေးခန်းမ၌  ဆေးရုံအုပ်ကြီး နှင့်ဝန်ထမ်းများအားတွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရ သည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေး ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ လူနာကုသရေး ဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သက်တမ်းလွန်/ လေလွင့်ဆေးများ မဖြစ်စေရန်စီမံခြင်း၊ ဆေးရုံ လုံခြုံရေးအလေးထား ဆောင်ရွက်ရန်ဖြစ်ကြောင်း၊  မိမိလုပ်ငန်းများ အောင်မြင်စေရန် အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့်ဆေးကုသ ဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက်ပိုမို ထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန်  လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ သည်။ ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပလူနာ ဌာန၌ လာရောက်ပြသသည့် ပြင်ပလူနာများအား ဆေးဝါးကုသပေးနေမှု အခြေအနေများ၊ အတွင်းလူနာကုသပေးသည့် ကုသဆောင်များ၊ ကျောက်ကပ်သန့်စင်ဆေးကြောနေသည့် လူနာဆောင်သို့သွားရောက်၍ ဆေးဝါးကုသမှုခံယူနေသည့် အာမခံအလုပ်သမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။