အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                      ဇွန် ၁၃

          အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ သံအမတ်ကြီး Mr. Mutaz Abdullah Abduljhaleel Mohamed Al Faheem အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

          တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ အလုပ်သမားညွှန်ကြားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ သံအမတ်ကြီး Mr. Mutaz Abdullah Abduljhaleel Mohamed Al Faheem တို့ တက်ရောက်ခဲ့ကြသည်။

          ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ သံအမတ်ကြီး Mr. Mutaz Abdullah Abduljhaleel Mohamed Al Faheem မှ လာရောက် တွေ့ဆုံသည့်အတွက် ကြိုဆိုပါကြောင်း၊ ယခုလိုတွေ့ဆုံခြင်းဖြင့် မြန်မာအလုပ်သမားများ၏ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေး၊ အလုပ်သမားနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်ပအလုပ်သမားဈေးကွက် တိုးချဲ့နိုင်ရေးတို့ကို များစွာအထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာနမှ ယူအေအီး၊ ကာတာ၊ ကူဝိတ်၊ ဂျော်ဒန် အစရှိသည့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ စေလွှတ်ခွင့်ပြုပေးလျက်ရှိသည့်အခြေအနေများ၊ နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးသည့် နိုင်ငံများသို့ စေလွှတ်လျက်ရှိသည့် အခြေအနေများ၊ နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးခြင်းမရှိသည့် နိုင်ငံများသို့ အလုပ်ကမ်းလှမ်းစာ (Demand Letter) စိစစ်သည့် လုပ်ငန်းစဉ်ဖြင့် စေလွှတ်ခွင့်ပြုလျက်ရှိသည့် အခြေအနေများနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (ယူအေအီးနိုင်ငံ)တွင် မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ် သမား ၄၀၀၀ ကျော် ရောက်ရှိလုပ်ကိုင်လျက်ရှိရာတွင် မြန်မာအလုပ်သမားများ အခက်အခဲတစ်စုံ တစ်ရာ ဖြစ်ပေါ်လာပါက ယူအေအီးနိုင်ငံ၏ ဥပဒေများနှင့်အညီ အကာအကွယ်ပေးနိုင်ရေးကိစ္စရပ် များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။